ချေလိုက်တဲ့ ယတြာ ချေလေ တေလေပဲ

နှစ်သစ်တွင် ကပ်ဘေးများ ကျော်လွှားနိုင်ရေး စစ်တပ်က ဦးဆောင်၍ ဥပ္ပါတသန္တိ ပရိတ်တော်ရွတ် ဖတ်ပွဲများ မင်းအောင်လှိုင်က တစ်နိုင်ငံလုံး ထပ်မံ ပြုလုပ် ယတြာချေခိုင်းပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က လာမည့် ၂၀၂၄ ခုနှစ် နှစ်သစ်ကာလတွင် မြန်မာနိုင်ငံတွင် ကြုံနေရသည့် လက်နက်ကိုင် တော်လှန်ရေး အပါအဝင် ကပ်ဘေးဒုက္ခများ ကျော်လွှားနိုင်ရေး အတွက် ဥပ္ပါတသန္တိ ပရိတ်တော်ကို တစ်နိုင်ငံလုံး ရွတ်ဖတ် ယတြာချေကြရန် ထပ်မံ ညွှန်ကြားကြောင်း သိရှိရသည်။

ယခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင်လည်း အကြမ်းဖက်မင်းအောင်လှိုင်က ဝန်ကြီးဌာနများကို နေပြည်တော်ရှိ မာရဝိဇယဘုရားတွင် ဥပ္ပါတသန္တိ ပရိတ်တော်ကို အလှည့်ကျ ရွတ်ဖတ်ခိုင်းကြောင်း၊ ယင်းနောက် ယခုအခါ လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း တစ်နိုင်ငံလုံးရှိ စစ်တပ်များ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဝန်ကြီးဌာနများအနေဖြင့် အန္တရာယ်ကင်း၊ ဘေးကင်း ၊ ဘေးဒုက္ခကပ်များ ကျော်လွှားနိုင်ရေးအတွက် ဥပ္ပါတသန္တိ ပရိတ်တော် ထပ်မံ ရွတ်ဖတ်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်ကလည်း ရန်ကုန်ရှိ ဘုရားများ၊ စေတီများတွင် ဥပ္ပါတသန္တိ ပရိတ်တော် ရွတ်ဖတ်ပွဲများ ပြုလုပ်မည်ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ် ထွေ/အုပ်များကလည်း ဥပ္ပါတသန္တိ ပရိတ်တော် ဖတ်ပွဲများကို ၎င်းတို့၏ အစီအစဉ်ဖြင့် ကျင်းပကြမည်ဖြစ်ကြောင်း သိရှိရသည်။

ဥပ္ပါတသန္တိ ပရိတ်တော်သည် ကပ်ကြီး ၃ ပါး ကျော်လွှားရန် အဓိက ရွတ်ဖတ်ပူဇော်ရသည့် ပရိတ်တရားတော်ဖြစ်ပြီး စစ်အာဏာရှင် သန်းရွှေလက်ထက်ကလည်း ယင်းကဲ့သို့ ဥပ္ပါတသန္တိ ပရိတ်တော်ကို ဘုရားစေတီများတွင် ဝန်ကြီးဌာန ဆိုင်ရာရုံးများကို သွားရောက် ရွတ်ဖတ်ခိုင်းခဲ့ဖူးကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တိုင်းစစ်ကောင်စီက ကိုးထပ်ကြီးဘုရားတွင် ပြုလုပ်မည့် ဥပ္ပါတသန္တိ ပရိတ်တော် ရွတ်ဖတ် ယတြာချေပွဲ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *