အဝေးကစ်နဲ့ မွှင်းခါးပွဲကြီးတစ်ပွဲ

မြိုင်မြို့နယ်တွင် ထွေ/အုပ်ရုံးနှင့် စစ်ကောင်စီ၏ မန်းလေးဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ပဲနွယ်ကုန်းမြို့ တိုက်ပွဲတွင် စစ်အရာရှိတစ်ဦး စနိုက်ပါထိ၍ သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် စစ်ကောင်စီ၏ မန်းလေးဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် စစ်ကောင်စီ၏ မြိုင်မြို့အထွေ ထွေအုပ်ချုပ်ရေးရုံး နှင့် မန်းလေး ဂိတ်တို့ကို 1kg အီနာဂါ ဗုံးသီး ၂၄ လုံးချ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်ကလည်း ၆၀ မမ လက်နက်ကြီးများ တန်ပြန်ပစ်ခတ်ခဲ့ကြောင်း ၊ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားနိုင်ကြောင်း၊ ဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၁၊ တပ်ရင်း၂ ၊ တပ်ခွဲ ၄နှင့် ဗိုလ်မြွေဆိုးအဖွဲ့၊ မြိုင်ပကဖ Droneတပ်ဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့တွင် ယမန်နေ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားပြီး စစ်အရာရှိတစ်ဦး စနိုက်ပါ ထိ၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် စစ်ကောင်စီတပ်က ပဲနွယ်ကုန်းမြို့ ၊ အရှေ့ဘက် သဲကောကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီ၏ ခမရ ၃၀၇ တပ်က တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ပြည်သူများနေထိုင်ရာ နေရာများသို့ အတွဲလိုက် ဒုံးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း၊ တိုက်လေယာဉ်များကလည်း ပဲနွယ်ကုန်းမြို့ ပတ်လည်ကို ဗုံးများ ကျဲချနေပြီး သဲကောကျေးရွာ၊ ကျောင်းစိုးကျေးရွာနှင့် ထိန်တောကျေးရွာများသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲလျက်ရှိကြောင်း၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကိုလည်း စစ်တပ်က ဖြတ်တောက်ထားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“ပဲနွယ်ကုန်းမြို့ အရှေ့ဘက် သဲကောရွာအကြားမှာ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီရဲ့ ခမရ ၃၀၇ တပ်ရင်းက အတွဲလိုက်မစ်ဇိုင်းဒုန်းများဖြင့် အဆက် မပြတ် ပစ်ခတ်ခဲ့တယ်။ ဖုန်းလိုင်းနဲ့ မိုဘိုင်းလ်အင်တာနက်တွေ ဖြတ်တောက်ထားပါတယ်။ တိုက်လေ ယာဉ် ၂ စီးနဲ့လည်း ဗုံးတွေ ဆက်တိုက်ကျဲခဲ့တယ်။ သဲကော ကျောင်းစိုး ထိန်တောရွာတွေကို လက်နက်ကြီးတွေကျရောက် ပေါက် ကွဲပြီး ပဲနွယ်ကုန်းမြို့ပေါ် ပြည်သူတွေပါ ဘေးလွတ်ရာ ရှောင်နေကြရပါတယ်။ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကျဲခဲ့တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ပဲနွယ်ကုန်းမြို့သည် နတ်သံကွင်း-ကျောက်ကြီး သွားလမ်းပေါ်တွင်ရှိသည့် လမ်း ဆုံမြို့ဖြစ်ပြီး လက်ရှိတွင် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲခြင်းနှင့် လက် နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ပဲနွယ်ကုန်းမြို့ မှ ပြည်သူများ ၊ မြို့ပတ် ဝန်းကျင် ကျေးရွာများမှ ပြည်သူများအားလုံး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *