လုပ်ရက်လိုက်ကြတာ စိတ်မကောင်းဖြစ်ရတယ်(ရုပ်သံ)

မတ္တရာမြို့နယ်၊ ဥဒိန်ရွာကို စစ်တပ်က စီးနင်းပြီး ဆိုင်ကယ် အစီး ၁၀၀ ကျော်နှင့် ရွှေထည် ပစ္စည်းများကို လုယက်၊ နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူများ ရိုက်နှက်

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဥဒိန်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဝင်ရောက် စီးနင်းပြီး တစ်အိမ်တက် တစ်အိမ်ဆင်း ပြည်သူများကို ရိုက်နှက်ကာ ဆိုင်ကယ် အစီး ၁၀၀ ကျော်နှင့် ရွှေထည် ပစ္စည်းများကို လုယူ ဒေသပြည်သူများနှင့် မတ္တရာမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၃၁ ရက် နံနက် ၅ နာရီခန့်အချိန် မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ တစ်အိမ် တက်ဆင်း ပြည်သူများကို ဖမ်းဆီး ရိုက်နှက်ကာ နားကပ်၊ ဆွဲကြိုးများနှင့် လက်ဝတ်ရတနာများကို အတင်း ဆွဲဖြုတ်ယူပြီး နေအိမ်များကိုလည်း တစ်အိမ်ပြီး တစ်အိမ်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာအတွင်းရှိ ပြည်သူပိုင် ဆိုင်ကယ် ၁၀၀ ကျော်ကိုလည်း ယူဆောင်သွားပြီး ပြည်သူပိုင် နေအိမ် ၁၀၀ ကျော်ကိုလည်း မီး ရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

“မနက် ၅ နာရီလောက်ကတည်းက လက်နက်ကြီးတွေနဲ့ ပစ်ပြီး ရွာတောင်ပိုင်းကနေ စစ်သားတွေ ဝင်လာတာ၊ တစ်အိမ်တက်ဆင်း လူတွေကို ဖမ်းတယ်၊ ဝတ်ထားတဲ့ နားကပ်တွေ၊ ဆွဲကြိုးတွေ အတင်း ချွတ်ယူတယ်၊ လူလည်း ကန်တယ်၊ ရိုက်တယ်၊ မသေရုံတမယ်ပဲ၊ ရွာထဲမှာရှိတဲ့ ဆိုင်ကယ် အစီး ၁၀၀ ကျော်လည်း ယူသွားတယ်၊ ရွာတောင်ပိုင်းနဲ့ အနောက်ပိုင်းမှာရှိတဲ့ အိမ်တွေကို မနက် ၆ နာရီလောက်စပြီး တစ်အိမ်တက်ဆင်း မီးရှို့သွားတာ၊ ဆုံးရှုံးမှုပမာဏက များပြားတယ်၊ အိမ်တစ်အိမ် ရဲ့တန်ဖိုးတောင် ကာလတန်ဖိုး သိမ်း ၄၀၀ အနည်းဆုံးရှိတယ်၊ တိုက်လေးဆောက်ပြီးတာ တစ်နှစ် လောက်ပဲရှိသေးတယ်၊ အခုတော့ မီးရှို့ခံလိုက်ရပြီ၊ လူစိတ်မရှိတဲ့ကောင်တွေ၊ အိမ်ပဲ မီးရှို့လို့ရမယ်၊ မုန်းတီးမှုကိုတော့ မီးရှို့လို့မရဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဥဒိန်ကျေးရွာသည် အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့် ကျေးရွာကြီး တစ်ရွာဖြစ်ပြီး ဧရာဝတီမြစ် ကမ်းဘေးတွင်တည်ရှိ​ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *