မအလကတော့ကျားမှီးဆွဲနေပြီ

စစ်တပ်လက်အောက်ခံ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန်မိသားစုနှင့် ကိုးကန့် ရာဇဝတ်သားများ ပိုင်ဆိုင်သော ဒေါ်လာသိန်းချီတန်ကားများ ၊ လက် နက် များနှင့် ဥစ္စာပစ္စည်းများ MNDAA လက်အောက်ရောက်ရှိ

■ တရုတ်က ဖမ်း၀ရမ်းထုတ်ထားသော ပယ်ဆောက်ချိန် အပါအဝင် တရားခံ ၁၀ ဦးကို စစ်ကောင်စီက တရုတ်ထံ လွှဲမပေး

ဇန်နဝါရီလ ၃ ရက်

အကြမ်းဖက် စစ်တပ်လက်အောက်ခံ၊ တရုတ်အစိုးရက ဖမ်း၀ရမ်းထုတ်ထားသော ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန်မိသားစုနှင့် ကိုးကန့် ရာဇဝတ်သားများ ပိုင်ဆိုင်သော ဒေါ်လာသိန်းချီတန်ကားများ ၊ လက်နက်များနှင့် ဥစ္စာပစ္စည်းများမှာ MNDAA တပ်ဖွဲ့များ၏ လက်အောက်ရောက်ရှိနေကြောင်း လောက်ကိုင်နှင့် တရုတ်-မြန်မာနယ်စပ် စစ်သတင်းရင်းမြစ်က ပြောဆိုသည်။

ပယ်ဆောက်ချိန်မိသားစုသည် အာဏာရှိစဉ်အချိန်က ဒေါ်လာ သိန်းချီတန်ကားများ အသုံးပြု၍ သွားလာခဲ့ပြီး ပယ်ဆောက်ချိန်၏ သားဖြစ်သူ ပယ်ရင်ချန်းမှာလည်း ဒေါ်လာ သိန်းချီတန် နာမည်ကျော် Lamborghini ပြိုင်ကား၊ Rolls-Royce ကား၊ Lexus ၊ Cadillac Escalade၊ မားစီးဒီးကားများ စုဆောင်းမှု ဝါသနာကြီးသူဖြစ်ကြောင်း သိရှိရသည်။

ယခုအခါ တရုတ်နိုင်ငံက ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်ဟောင်း၊ ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဦးပယ်စောက်ချိန်နှင့် သားဖြစ်သူ ပယ်ရင်ချန်း ၊ ဦးပယ်စောက်ချိန်၏ သမီးဖြစ်သူ ပယ်ရင်လန်းနှင့် ကိုးကန့် သူဌေးများ ဖြစ်သည့် ဝေဆန်းနှင့် ဝေချင်းဆုန်း၊ ဝေရုန့်၊ ဖူလီလိုက်ကုမ္မဏီပိုင်ရှင် လျိုအားပေါက်၊ လျိုကျီးကွမ်း၊ လျိုကျင်းမောက် တို့နှင့် ရှီးလောက်ဖား တို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဖမ်း၀ရမ်းထုတ်ထားကြောင်း သိရှိရသည်။

“သူတို့က မူးယစ်ဆေးဝါး၊ ကျားဖြန့် ၊ လူကုန်ကူးမှုတွေ၊ လောင်းကစားကာစီနိုတွေ အများကြီးပဲလုပ်တော့ အခု ဖမ်း၀ရမ်းထုတ်ခံထားရသူတွေအကုန်လုံးက ကျိကျိတက် ချမ်းသာကြတာ။ အခု လူမှုကွန်ရက်တွေမှာ MNDAA တွေ သိမ်းနေတဲ့ Lamborghini ပြိုင်ကားဆိုရင် ဒေါ်လာ ၄ သိန်းလောက်ရှိတယ်။ အဲဒါ ပယ်ရင်ချန်း စီးခဲ့တာ။ အခြားဒေါ်လာ သိန်းချီတန်ကားတွေ၊ လက်နက်တွေ မိနေတာလည်း လူမှုကွန်ရက်မှာ တောက်လျှောက်နေတာပဲ။ အခုတော့ အားလုံးက MNDAA လက်အောက်မှာ ရောက်သွားပြီ။ ပယ်စောက်ချိန်နဲ့ မိသားစုတွေ အသက်လုပြေးရတဲ့ အနေအထားလို့ ပြောလို့ရတယ်” ဟု တရုတ်-မြန်မာနယ်စပ်သတင်းရင်းမြစ်က ပြောသည်။

ကိုးကန့်ဒေသ လောက်ကိုင်မှ သူဌေး အများအပြားသည် စစ်တပ် ရဟတ်ယာဉ်များထံသို့ တရုတ်ငွေ သိန်းပေါင်းများစွာ ပေး၍ ထွက်ပြေးမှုများ လုပ်ဆောင်ခဲ့ကြပြီး တရုတ်က ဖမ်း၀ရမ်းထုတ်ထားသူ ၁၀ ဦးမှာလည်း စစ်တပ်၏ ရဟတ်ယာဉ်များဖြင့် လွတ်မြောက်သွားပြီဟု ယူဆရကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

“လောက်ကိုင်ကနေ ရဟတ်ယာဉ်တွေနဲ့ မန္တလေး၊ တောင်ကြီး စတဲ့ ကိုယ်သွားချင်တဲ့ နေရာတွေသွားဖို့ တရုတ်ယွမ်ငွေ သိန်းပေါင်းများစွာ ပေးရတဲ့ စျေးကွက်က တိုက်ပွဲတွေ မဖြစ်ခင်က ဖြစ်ခဲ့တယ်။ တစ်နေ့ကို စစ်ရဟတ်ယာဉ်တွေနဲ့ ကိုးကန့်က သူဌေးတွေ ပြေးကြတာ။ အဲဒီလိုအထဲမှာ အခု တရုတ်က ဖမ်း၀ရမ်းထုတ်ထားတဲ့သူတွေ ပါသွားပြီလို့ ယူဆရတယ်။ တစ်နေရာရာမှာ သွားပြီး ပုန်းနေကြမယ်လို့ ထင်တယ်။ မြန်မာစစ်တပ်ဘက်ကလည်း တရုတ်ကို အပ်မယ့်သဘောမတွေ့ရဘူး” ဟု တရုတ်-မြန်မာစစ်ရေး သတင်းရင်းမြစ်က သုံးသပ်သည်။

လက်ရှိတွင် လောက်ကိုင်မြို့တွင် ဒကစ မှ လွဲ၍ စစ်တပ် စခန်း မရှိတော့သဖြင့် များမကြာမီ ကိုးကန့်ဒေသတစ်ခုလုံး MNDAA ၏ လက်အောက်သို့ ကျရောက်မည်ဖြစ်ရာ စစ်ကောင်စီအနေဖြင့် ပြည်သူ့စစ်ခေါင်းဆောင် ပယ်စောက်ချိန်တို့ မိသားစုနှင့် ဖမ်း၀ရမ်း ထုတ်ခံထားရသူများကို တရုတ်ထံ အပ်နှံလိမ့်မည်မဟုတ်ဟု ၎င်းက သုံးသပ်သည်။

“တရုတ်ဆီကို အဓိက ပယ်စောက်ချိန်နဲ့ သားဖြစ်သူ၊ အခြား ၀ရမ်းထုတ်ထားတဲ့သူတွေကို အပ်မယ်လို့ မထင်ဘူး။ ကိုးကန့်ဒေသကို ပြန်ရဖို့ ဒီလူတွေကိုပဲ ပြန်မွေးမြူပြီး စစ်အင်အားတပ်ဆင်ပေးမယ်လို့ မျှော်လင့်ရတယ်။ တပ်အနေနဲ့က အခုအချိန်မှာ အရေးမပါပေမယ့် မလှုပ်ရှားပေမယ့် တရုတ်ကြောင့် MNDAA က အင်အားကြီးလာတယ်၊ တရုတ်က ကျောထောက်နောက်ခံပေးလို့ ၁၀၂၇ စစ်ဆင်ရေးမှာ သူတို့ ရှုံးတယ်ဆိုတာမျိုး စိတ်အနာကြီး နာနေတယ်။ အဲဒီတော့ ပယ်စောက်ချိန်နဲ့ တရုတ်လိုချင်သူတွေကို ပေးမှာ မဟုတ်ဘူး။ စစ်တပ်က လွှဲပေးမယ်ဆိုရင် ဒီဇင်ဘာလ ၁၀ ရက်နေ့ကတည်းက ၀ရမ်းထုတ်ထားတာ။ အခုလောက်ဆို လွှဲပေးလောက်ပြီ။ အခုက စစ်တပ်က မလွှဲပေးချင်လို့ကို တမင်ထားထားတာ” ဟု တရုတ်-မြန်မာစစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *