ရှေ့ဆက်ခေါင်းမဖော်နိုင်တော့တဲ့ ငပု

အင်အားကျဆင်းမှုကို ဖုံးဖိလို့မရ၊ ပြန်ဖြည့်တင်းလို့လည်း မရတော့တဲ့ အခြေအနေ ရောက်နေပြီဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ဇန်နဝါရီ ၄ ရက်တိုင်းပြည်ရဲ့ ကောင်းပေ့ ညွန့်ပေ့ ဆိုတဲ့ အရာမှန်သမျှကို ခိုးယူစားသောက်နေခဲ့တဲ့ မြန်မာစစ်တပ်ဟာ သမိုင်းတစ်လျှောက် ဟန်မပျက်နေလာခဲ့ရာက ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့မှာ လောဘကို အတောမသတ်နိုင်ဘဲ ပြည်သူ့အာဏာကို လုယူခဲ့ပါတယ်။ မစားကောင်းတဲ့ အသီးကို ခိုးယူစားသုံးမိတဲ့ အာဏာသိမ်းစစ်တပ်ဟာ အခုဆိုရင် ပြည်သူတွေရဲ့ အဆိပ်သင့်မှုကို ခံနေရပါပြီ။နှစ်စဉ်နှစ်တိုင်း တိုင်းပြည်ဘဏ္ဍာတွေကို ကာကွယ်ရေးဘတ်ဂျက်တွေအဖြစ် အလုံးအရင်း ထုတ်သုံးနေခဲ့တဲ့ မြန်မာစစ်တပ်ကို အင်အားကြီးစစ်တပ်တစ်ခုအဖြစ် နှစ်ပေါင်းများစွာ ရှုမြင်လာခဲ့ကြပါတယ်။ဒီစစ်တပ်ဟာ သမိုင်းတစ်လျှောက် ထပ်ခါတလဲလဲ အာဏာသိမ်းခဲ့တဲ့နေရာမှာ နိုင်ငံအနှံ့ ဖြန့်ကျက်ပြီး နှစ်ပေါင်းများစွာ ကွန်ရက်ကြီးတစ်ခုသဖွယ် အချိန်ယူတည်ဆောက်ထားတဲ့ စစ်စခန်းတွေက အရေးပါလှပါတယ်။ လက်ရှိအချိန်မှာတော့ စစ်အာဏာသိမ်း ယန္တရားကြီးရဲ့ စက်သွားတော်တော်များများကို တော်လှန်ရေး အင်အားစုတွေက ရိုက်ချိုးထားနိုင်လိုက်ပါပြီ။အာဏာသိမ်းစစ်တပ်ဟာ သူ့ရဲ့ စစ်သည်အင်အားကို ဘယ်တော့မှ ပွင့်ပွင့်လင်းလင်း ချပြခြင်းမရှိပေမယ့် ၁ သိန်းကနေ ၄သိန်းကြား ရှိမယ်လို့ အကဲခတ်တွေက ခန့်မှန်းကြပါတယ်။ အခုတော့ တော်လှန်ရေးကာလအတွင်း အာဏာရှင်တစ်စုကို ကာကွယ်ရင်း သေဆုံးသွားတဲ့ စစ်သားအရေအတွက် အများအပြားရှိတာကြောင့် အင်အားတော်တော်လေး လျော့နည်းသွားပါပြီ။ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ် အောက်တိုဘာလကစလို့ လူအများ စိတ်ဝင်တစား စောင့်ကြည့်နေခဲ့တဲ့ ၁ဝ၂၇ စစ်ဆင်ရေးအတွင်းမှာတင် ကျဆုံးစစ်သည်တွေ မနည်းမနောပါပဲ။ မဟာမိတ်ညီနောင် ၃ဖွဲ့ကနေ ဒီစစ်ဆင်ရေး စတင်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်အနေနဲ့ ကျဆုံးမှုဟာ အနည်းငယ်သာ ရှိခဲ့တယ်လို့ တပ်သတင်း ဖာထေးပြောဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။ဒါပေမယ့် ပြင်ပကို ပေါက်ကြားလာတဲ့ စစ်ကောင်စီရဲ့ ကြေးနန်းစာတွေထဲမှာတော့ စစ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ်ဆိုတာ တွေ့ရပါတယ်။ တကယ့်လက်တွေ့မှာ သူတို့ဖော်ပြထားတဲ့ စာရင်းထက်ပိုတဲ့ အသေအပျောက်တွေ ရှိနေနိုင်ပါတယ်။မြောက်ပိုင်းအဖွဲ့တွေနဲ့ တိုက်ခိုက်ကြရတဲ့အခါ မြန်မာစစ်တပ်ရဲ့ သမိုင်းမှတ်တမ်းဆိုးအဖြစ် တစ်လကျော်အတွင်း တပ်စခန်းပေါင်း ၂ဝဝ ကျော် သိမ်းယူခံခဲ့ရပါတယ်။ ခေတ်သစ်တိုက်ပွဲအဖြစ် ဒရုန်းတိုက်ခိုက်မှုတွေအပြင် သာလွန်အင်အားနဲ့ပါ တိုက်ခိုက်ခံခဲ့ရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ငြီးတွားခဲ့ရပါတယ်။မြန်မာစစ်တပ်ဟာ တိုက်ခိုက်ရေးအတွက် ခြေမြန်တပ်မဌာနချုပ်တွေနဲ့ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်တွေအောက်မှာ တပ်ရင်းပေါင်း ၅ဝဝ ကနေ ၆ဝဝ ကြားရှိပြီး အခုဆိုရင် ဒီလိုရာနဲ့ချီတဲ့ တပ်ရင်းတွေကို နိုင်ငံအနှံ့ ဖြန့်ကျက်စေလွှတ်ထားရတာပါ။ အရပ်မျက်နှာအားလုံးမှာလည်း ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်မျက်နှာဖွင့်ထားရပါတယ်။အာဏာမသိမ်းခင်က တပ်ရင်းတွေက ရှေ့တန်းမှာ အများဆုံး ၆လသာ နေခဲ့ရပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ၂နှစ်ကျော်ကြာအောင် ရှေ့တန်းပို့ခံထားရပြီး စစ်ပန်းမှုဒဏ်ကို အလူးအလဲ ခံနေကြရပါတယ်။ မြန်မာစစ်တပ်က ရုပ်ပိုင်းဆိုင်ရာ နွမ်းနယ်မှုအပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း ပြိုလဲကျဆင်းနေပါတယ်။ ပြည်သူအားလုံးရဲ့ ထောက်ခံမှု မရရှိခြင်းကတော့ စိတ်ဓာတ်ပြိုကျမှုရဲ့ အဓိက အကြောင်းအရာပါပဲ။ရှေ့တန်းအပို့ခံရပေမယ့် စစ်မတိုက်ချင်လို့ ထွက်ပြေးကြသူတွေရှိသလို တချို့ကျတော့လည်း တော်လှန်ရေးတပ်တွေ လာတိုက်မှာကိုစောင့်ပြီး အလွယ်တကူ လက်နက်ချအညံ့ခံမှုတွေ လုပ်ကြပါတယ်။၂ဝ၂၃ နှစ်ကုန်ပိုင်း ဒီဇင်ဘာလထဲမှာ စစ်ကောင်စီက အကျဉ်းထောင်တွေအတွင်း ပြစ်ဒဏ်ကျနေတဲ့ အရာရှိနဲ့ စစ်သားတွေကို ခိုးကြောင်ခိုးဝှက် လွှတ်ပေးပြီး စစ်မှုထမ်းခိုင်းခဲ့ပါတယ်။လျှို့ဝှက်စာတွေနဲ့တကွ စီစဉ်ခဲ့တဲ့ ဒီလုပ်ရပ်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အမိန့်နဲ့အတူ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ကြီးကြပ်ခဲ့တယ်လို့ သိရပါတယ်။ လွှတ်ပေးခဲ့တဲ့ စစ်သားဟောင်းတွေထဲမှာ တပ်ကနေ ထွက်ပြေးသူတွေ၊ စည်းကမ်းဖောက်ဖျက်သူတွေနဲ့ စစ်မှုထမ်းချိန်အတွင်း ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေလည်း ပါဝင်နေပါတယ်။တော်လှန်ရေးကာလတစ်လျှောက်မှာ သူ့လူကိုယ့်ဘက်သားအဖြစ် ရှိနေတဲ့ တပ်တွင်းဖရဲသီးတွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါနေပါတယ်။ ဒါကြောင့်လည်း စစ်တပ်ရဲ့ လျှို့ဝှက်အမိန့်စာ တော်တော်များများက အပြင်ဘက်ကို ပေါက်ကြားလာခဲ့တာပါ။ထောင်ကျ စစ်သားတွေကို လွှတ်ပေးပြီး စစ်မှုထမ်းခိုင်းခဲ့တဲ့ ကိစ္စမှာလည်း လျှို့ဝှက်အမိန့်စာ ပေါက်ကြားသွားလို့ ဆိုပြီး နေပြည်တော်က ပြည်ထဲရေးဝန်ကြီးရုံးအဖွဲ့တွေကို စစ်ဘက်ရေးရာက ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။တပ်အင်အား ဖြည့်တင်းချင်နေတဲ့ စစ်အုပ်စုဟာ ရဲတွေကိုလည်း စစ်နည်းဗျူဟာ လေ့လာကြဖို့ ပြောဆိုထားပါတယ်။ စစ်ကောင်စီ ရဲချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ဒုရဲအုပ်လောင်း သင်တန်းဆင်းပွဲမှာ အခုလို ပြောခဲ့တာပါ။စစ်တပ်ဟာ လက်နက်သာလွန်မှုနဲ့ လေကြောင်းပစ်ကူနိုင်မှုသာ ရှိနေပြီး လူအင်အား လျော့နည်းလာတာကြောင့် လက်ရှိမှာ အသိမ်းခံထားရတဲ့ နယ်မြေတွေကို ပြန်လည်ရရှိရေး မစွမ်းဆောင်နိုင်တော့ဘူးဆိုတာဟာ သေချာသလောက်ပါပဲ။ရှမ်းမြောက် ၁ဝ၂၇ စစ်ဆင်ရေးဟာ ၂လကျော် အချိန်တိုအတွင်း မြို့ပေါင်း ၂ဝ ကျော်နဲ့ စစ်တပ်စခန်း ၄ဝဝ ကျော်ကို သိမ်းပိုက်နိုင်ခဲ့တယ်၊ ဒါ့အပြင် နွေဦးတော်လှန်ရေး ၃နှစ်တာအတွင်း KNU ဟာ စစ်ကောင်စီတပ်သား ၁၈ဝဝဝ ကျော်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက နှစ်သစ်မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းမှုတွေ လုပ်နေပြီး ၂ဝ၂၄ ခုနှစ်မှာ အောင်ပွဲခံနိုင်ရေး အင်တိုက်အားတိုက် လုပ်နေတယ်လို့ ပြောထားပါတယ်။ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ၂ဝ၂၃ တော်လှန်ရေးဖြစ်စဉ်တွေကို ပြန်ကြည့်ရင် စစ်ကောင်စီ ရှုံးနေပြီဆိုတာ သိသာသလို ၂ဝ၂၄ မှာ ကြီးကြီးမားမား ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ မွန်ပြည် တော်လှန်ရေးတပ် MSRF ကလည်း ၂ဝ၂၄ မှာ စစ်ရေးအရှိန် ပိုမြှင့်မယ်လို့ ထုတ်ပြန်ထားပါတယ်။ နှစ်သစ်မှာ စစ်ကောင်စီအတွက် တော်လှန်ရေး လှိုင်းလုံးကြီးတွေ ပိုမိုခက်ထန်လာဖို့ ရှိနေပါတယ်။ တော်လှန်ရေးတပ်ဖွဲ့အားလုံးရဲ့ ဟန်ချက်ညီညီ ထိုးစစ်ဆင်မှုတွေကြောင့် ဖက်ဆစ်စစ်တပ် ပြိုလဲသွားနိုင်တဲ့ အလားအလာတွေလည်း မြင်နေရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *