ဒဗမှူးကြီးရဲ့အပြုံးနောက်ကွယ်ကလျှို့ဝှက်ချက်

နောင်ချိုတွင် ဖမ်းဆီးရရှိသည့် ဒုဗိုလ်မှူးကြီး သက်အောင် PDF လက်ထဲရောက်မှ အသက်အန္တရာယ်ကင်းပြီဟု စိတ်လက်ပေါ့ပါးသွားဟု NUG ကာကွယ်ရေးဝန်ကြီး ပြောဆို

■ စစ်အုပ်စုလက်​အောက်ခံ တပ်မှူး၊ တပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ စစ်အာဏာရှင်ကို မကာကွယ်ဘဲ ပြည်သူ့ဘက်ပါကြရန် အထူးသတိပေး

ရန်ကုန်၊ ဇန်နဝါရီ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာ စစ်တပ်စခန်းတွင် ဖမ်းဆီးရရှိသည့် ဒုတိယဗိုလ်မှူးကြီး သက်အောင် သည် ပြည်သူ့ကာကွယ်ရေးတပ်၏ လက်ထဲသို့ ရောက်ရှိမှ အသက်အန္တရာယ်ကင်းရှင်းပြီဟု စိတ်လက်ပေါ့ပါးသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုလိုက်သည်။

ဇန်နဝါရီလ ၄ ရက်နေ့ စစ်တပ်လက်အောက်ခံ တပ်မှူး၊ တပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို အထူအသိပေးချက် ထုတ်ပြန်စဉ် ဝန်ကြီး ဦးရည်မွန်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဒီရက် ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)က ဖမ်းဆီးရမိတဲ့ ဒုဗိုလ်မှုးကြီးသက်​အောင်အပါအဝင် စစ်သုံ့ပန်း​တွေဟာ ကျွန်​တော်တို့လက်​ရောက်​တော့ သူတို့​တော့ အသက်အန္တရယ်ကင်းပြီရယ်လို့ စိတ်ဒုံးဒုံးချပြီး စိတ်လက်​ပေါ့ပါးသွားကြတာ သတိပြုမိတယ်” ဟု ဦးရည်မွန်က ပြောဆိုသည်။

နိုင်ငံတစ်နိုင်ငံတွင် တပ်မတော်သည် ပြည်သူနှင့်နိုင်ငံကို ကာကွယ်ရန်ဖြစ်ပြီး စစ်အာဏာရှင်ကို ကာကွယ်ရန် မဟုတ်ကြောင်း၊ လက်ရှိတွင် ပြည်သူကို သတ်ဖြတ်ခဲ့သော စစ်အုပ်စုအနေဖြင့် လူတော မတိုးရဲတော့ကြောင်း ဦးရည်မွန်က ပြောဆိုသည်။

“တပ်မ​တော်တစ်ခုရဲ့ အဓိကတာဝန်ဟာ နိုင်ငံနဲ့ ပြည်သူကို အကာအကွယ်​ပေးဖို့ ဖြစ်တယ်။ စစ်အာဏာရှင်ကို အကာအကွယ်​ပေးဖို့ မဟုတ်ဘူး။ ​ခေတ်အဆက်ဆက် စစ်အာဏာရှင်ကို အကာအကွယ်​ပေးရင်း ခင်ဗျားတို့လက်မှာ ပြည်သူ့​သွေး အထပ်ထပ် စွန်းခဲ့ပြီဆိုတာ သတိချပ်​စေလိုတယ်။ ဒီက​နေ့ထိ စစ်အုပ်စုသစ္စာခံ လုပ်​နေတဲ့ ခင်ဗျားတို့အားလုံး ပြန်စဥ်းစားသင့်တာက ငါတို့ပါဝင်တဲ့ လက်နက်ကိုင်အဖွဲ့​ကော ငါတို့ကိုယ်တိုင်​ပါ ဒီက​နေ့ဘယ်အ​ခြေအ​နေ ဆိုက်​နေပြီလဲ ဆိုတဲ့အချက်ပဲ။ ခင်ဗျားတို့ ယူနီ​ဖောင်းဝတ်ပြီး လူ​တောတိုးရဲသလား ရပ်ထဲရွာထဲ သွားရဲသလား မိဘရပ်ထံ ပြန်ရဲသလား။ဗိုလ်ချုပ်​အောင်ဆန်း ထူ​ထောင်ခဲ့တဲ့ ပြည်သူ့ချစ်​တပ်မ​တော်ဟာ ဒီက​နေ့​တော့ ပြည်သူ့တံ​တွေးခွက်ထဲ ​မျောခဲ့ပြီ။ပြည်သူက ခင်ဗျားတို့ကို စစ်​ခွေး ရဲ​ခွေးလို့ ​ခေါ်ကြတာ အ​ကြောင်းမဲ့ မဟုတ်ဘူး။ ခင်ဗျားတို့ လက်မှာ စွန်း​နေတဲ့ ပြည်သူ့​သွေး​တွေဆိုတာ ချေဖျက်လို့ ရရိုးလား။စစ်ရာဇဝတ်​ဘေး ​ပြေးလွတ်မယ် မဟုတ်ဘူးဆိုတာလည်း ခင်ဗျားတို့ သတိချပ်ဖို့သင့်တယ်” ဟု ဝန်ကြီး ဦးရည်မွန်က ရှင်းပြသည်။

လက်ရှိတွင် စစ်အာဏာရှင်အတွက် နောက်ဆုံးနေ့ရက်ရောက်ရှိလာပြီဖြစ်ကြောင်း၊ ပြည်ထောင်စုပြိုကွဲမည်စိုးရိမ်သည်ဆိုသော ခြောက်လှန့်လုံးဖြင့် တိုင်းရင်းသားပြည်သူများအပေါ် ဂုတ်ခွစီး လုပ်စားအတွေးအခေါ်များ လုံး၀ကျဆုံးနေပြီဖြစ်ကြောင်း၊ ပြည်ထောင်စုမပြိုကွဲအောင် တာဝန်ယူစောင့်ရှောက်နိုင်မည့်သူမှာ ပြည်သူ့အစိုးရနျင့် ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းများ ဖြစ်ကြောင်း ဦးရည်မွန်က ဆက်လက်ပြောဆိုသည်။

“အခုဆိုရင် စစ်အာဏာရှင်ရဲ့ ​နောက်ဆုံး​နေ့ဟာ ​ရောက်ရှိလာခဲ့ပြီ။ ပြည်​ထောင်စု ပြိုကွဲမှာစိုးတယ်ဆိုတဲ့ ​ခြောက်လုံးနဲ့ တိုင်းရင်းသားပြည်သူအ​ပေါ် ဂုတ်ခွစီးပြီး အခွင့်ထူးခံ​နေတဲ့ လုပ်စား​အ​တွေးအ​​ခေါ်ဟာ လုံးဝကျဆုံးခဲ့ပြီဆိုတာ သတိချပ်​စေလိုတယ်။ ဒီက​နေ့ ပြည်​ထောင်စု မပြိုကွဲ​အောင် တကယ်တမ်း တာဝန်ယူ​စောင့်​ရှောက်နိုင်မယ့်သူ၊ တာဝန်ယူ​စောင့်​ရှောက်​နေတဲ့ သူဟာ ပြည်သူ့အစိုးရနဲ့ ပြည်သူ့​တော်လှန်​ရေးအဖွဲ့အစည်း​တွေပဲ ဖြစ်တယ်၊ဒါကို သိချပ်​စေလိုတယ်။ ခင်ဗျားတို့ အမြင်မှန်ရဖို့ အချိန်​ရောက်​နေပြီ။စစ်အုပ်စုကို သစ္စာခံပြီး စစ်အာဏာရှင်ကို အကာအကွယ်​ပေး​နေတဲ့အလုပ်ကို ရပ်တန်းက ရပ်ဖို့ အချိန်​ရောက်လာပြီ။

ခင်ဗျားတို့လက်မှာ ပြည်သူ့​သွေး ထပ်မစွန်းပါ​စေ​တော့နဲ့။ စစ်အာဏာရှင် ခိုင်းသမျှ မျက်ကန်းတ​စ္ဆေမ​ကြောက် နာခံ​နေခြင်းဟာ ခင်ဗျားတို့ အသက်တွေ ၊ ဘဝ​တွေ အချီးနှီး ပျက်စီးမှုနဲ့ပဲ လမ်းဆုံးလိမ့်မယ်ဆိုတာ သတိချပ်​စေလိုတယ်။ ဒါ​ကြောင့် အချိန်မီ ပြည်သူဘက်က ရပ်တည်ပါ။ပြည်သူ့အစိုးရနဲ့ ပြည်သူ့​တော်လှန်​ရေးအဖွဲ့အစည်း​တွေကို နာခံပါ။အချိန်မ​နှောင်းခင် ခင်ဗျားတို့ ရပ်တည်ချက်ကို ​ပြောင်းလဲပါလို့ တိုက်တွန်းလိုတယ်” ဟု ကာကွယ်ရေးဝန်ကြီးက လူမှုကွန်ရက်မှတစ်ဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင် များကို တိုက်တွန်းသည်။

ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် စနစ်ကို တိုက်ခိုက်နေခြင်းဖြစ်ပြီး လူကို တိုက်နေခြင်းမဟုတ်ကြောင်း၊ အသက်နှင့်ဘ၀များကို အချည်းအနှီး မဆုံးရှုံးစေလိုကြောင်း၊ စစ်မြေပြင်ရောက်မှ စစ်သုံ့ပန်းအဖြစ် မဖမ်းလိုဘဲ တပ်ရင်းတပ်အဖွဲ့အလိုက်၊ စစ်တိုင်းဌာနချုပ်အလိုက် ပြည်သူ့လက်အောက် ခိုလှုံကြရန် ကာကွယ်ရေးဝန်ကြီးက တိုက်တွန်းသည်။

“ကျွန်​တော်တို့က စနစ်ကို တိုက်​နေတာပဲ ဖြစ်တယ်၊လူကို တိုက်​နေတာမဟုတ်ဘူး။ခင်ဗျားတို့ အသက်​တွေ ဘဝ​တွေ အချီးနှီး မဆုံးရှုံး​စေလိုသလို ကျွန်​တော်တို့ ​တော်လှန်​ရေးရဲ​ဘော်​တွေ ကျွန်​တော်တို့ပြည်သူ​တွေရဲ့ အသက်​တွေ ဘဝ​တွေလည်း အကျိုးမဲ့ မဆုံးရှုံး​စေလိုဘူး။ စစ်​မြေပြင်​ရောက်မှ ခင်ဗျားတို့ကို သုံ့ပန်းအဖြစ် ကျွန်​တော်တို့ မဖမ်းလိုဘူး။ခင်ဗျားတို့ အသက်သာမက ခင်ဗျားတို့ ဘဝ၊ ခင်ဗျားတို့ ဂုဏ်သိက္ခါကိုလည်း ဒီထက်ပိုပြီး အသိအမှတ်ပြု ​လေးစားလိုတယ်။ ဒါ​ကြောင့် တပ်ရင်းတပ်ဖွဲ့လိုက်ဖြစ်စေ၊ တပ်မ၊စကခ၊ဒကစ အလိုက်ဖြစ်​စေ၊ စစ်တိုင်းဌာနချုပ်အလိုက် ဖြစ်​စေ ပြည်သူ့အစိုးရNUGနဲ့ ​တော်လှန်​ရေးအဖွဲ့အစည်း​တွေထံ အမြန်ဆုံး ဆက်သွယ်ပါ။ ကျွန်​တော့်ကိုလည်း တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။” ဟု ၎င်းက ဆက်လက် မေတ္တာရပ်ခံ အသိပေးသည်။

စစ်ကောင်စီ လက်အောက်ခံ စစ်သား၊ တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ဘက်ခိုလှုံသော အမြင်မှန်ရရှိမှသာလျှင် အနာဂတ်ရှိမည်ဖြစ်ကြောင်း၊ တိုင်းပြည်သစ် ထူထောင်ရေးနှင့် ခေတ်ပြောင်း စနစ်ပြောင်း ကို သတ္တိရှိရှိ ရွေးချယ်ကြရန် တိုက်တွန်းထားသည်။

“စစ်တပ်ကိုယ်တိုင် စစ်အာဏာရှင်​တွေရဲ့ စစ်ကျွန်ပြု အသုံးချခံ​နေရတာပဲ။ တိုင်းချစ်ပြည်ချစ်စိတ်အမှန်ရှိရင် ကိုယ်​​လျှောက်ရမယ့်လမ်းကို အသိဥာဏ်ရှိရှိ သတ္တိရှိရှိ​ ကိုယ်တိုင်ရွေးချယ်ကြဖို့ တိုက်တွန်းလိုတယ်။ ဒီက​နေ့ ပြည်သူ့​တော်လှန်​ရေးက ​ခေတ်သစ်စနစ်သစ် ​ပြောင်းလဲ​ရေးကို ဦးတည်တယ်၊တိုင်းသစ်ပြည်သစ် ထူ​ထောင်​ရေးကို ဦးတည်တယ်။ ပြည်သူကို ​လေးစားပြီး ​ခေတ်စနစ်​ပြောင်း​လဲရေးကို လက်ခံတဲ့ တပ်မ​တော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူက လက်ကမ်းကြိုဆို​နေလိမ့်မယ်။ခင်ဗျားတို့ ကိုယ်တိုင် သမိုင်းသစ်​ရေးသူ​တွေထဲ အပါအဝင် ဖြစ်လာလိမ့်မယ်။ ခင်ဗျားတို့ အမြင်မှန်ရရင် ခင်ဗျားတို့အတွက် အနာဂတ်ရှိတယ်ဆိုတာ အသိ​ပေးလိုပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မေတ္တာရပ်ခံထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *