၅၀၀၀စားကနေဈေးတတ်သွားပြီတစ်သောင်းစား(ရုပ်သံ)

တောင်ကြီးမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ အလိုမရှိ ဆန္ဒပြပွဲကို စစ်ကောင်စီနဲ့ PNO က တစ်ယောက် တစ်သောင်း လမ်းစရိတ်ပေးပြီး ပြုလုပ်ခဲ့ (ရုပ်သံ)

ဇန်နဝါရီလ ၁၂

ရှမ်းပြည်နယ်ရဲ့မြို့တော်၊ တောင်ကြီးမြို့မှာ ဒီနေ့ ဇန်နာဝါရီလ ၁၂ မနက်ပိုင်းကစပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့ကို အလိုမရှိကြောင်း ဆန္ဒပြပွဲ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲဒီပွဲကို စစ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်

ပါတီ (PNO)က စေခိုင်းခဲ့တာဖြစ်ပြီး စစ်တပ်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ထောက်ခံသူ၊ ပျူစောထီး၊ အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်တွေနဲ့ ပအိုဝ်း တိုင်းရင်းသားတွေက ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မျက်မြင်တွေ့ရှိသူ တစ်ဦးက “ပအိုဝ်းအများဆုံးပဲ။ လူမျိုးရေး ခွဲခြားတာတော့ မဟုတ်ဘူး။ ပအိုဝ်းဝတ်စုံနဲ့က အများဆုံး ပါနေတာ။ မြို့ခံတွေကတော့ ၃ ရာခိုင်နှုန်းလောက်ပဲ ပါတယ်။ အများစုက ရွာက တက်လာကြတာ” လို့ ပြောပါတယ်။

တောင်ကြီးမြို့နယ်အတွင်းက ကျေးရွာတွေမှာ PNO လူကြီးပိုင်းတွေက တစ်အိမ်တစ်ယောက် မလိုက်မနေရ သတ်မှတ်ထားပြီး မလိုက်တဲ့ အိမ်တွေက ဒဏ်ငွေ ၁၀,၀၀၀ ကျပ် ပေးဆောင်ရတယ်လို့ သိရပါတယ်။

ဒါပေမယ့် လိုက်ပါဝင်တဲ့ သူတွေကိုတော့ လမ်းစရိတ် ၁၀,၀၀၀ ပြန်ပေးပြီး လူစုပေးတဲ့ ခေါင်းဆောင်ပိုင်းတွေက ၃၀,၀၀၀ ကျပ်အထိ ရကြတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

မြို့ခံတစ်ဦးက “အဲဒီ ဆန္ဒပြပွဲရှိလို့ မနေ့ည အစစ်အဆေး ကြမ်းနေတာ။ မိန်းလမ်း (ဗိုလ်ချုပ်လမ်း)၊ အရှေ့မြို့ပတ်၊ အနောက်မြို့ပတ် အကုန်စစ်တယ်။ ဆန္ဒပြပွဲက သူတောင်းစားတွေလည်း ပါတယ်။ စဠာမုနိနဲ့ ညဈေးမှာ တောင်းစားတဲ့ သူတောင်းစားတွေတောင်ပါသေးတယ်” လို့ ပြောပါတယ်။

လူအင်အား ၁,၀၀၀ နီးပါးပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ အနောက်မြို့ပတ်လမ်း၊ ရတနာသီရိ အုပ်ချုပ်ရေးမှူးရုံးက စတင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတစ်လျှောက် ချီတက်ဆန္ဒပြကာ ပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ ပြုလုပ်တဲ့ ဆန္ဒပြပွဲဟာ ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနေတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)နဲ့ ရခိုင်တပ်မတော်(AA)တို့ကို ဆန့်ကျင် ဆန္ဒပြတဲ့ပွဲ ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *