ဘယ်လိုလူမဆန်တဲ့လုပ်ရပ်လဲ

လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခံခဲ့ရသူ မြောက်ဦးမှ အမျိုးသားနှစ်ဦး၏ အလောင်းတွင် အဓမ္မပြုကျင့်ခံရသည့်လက္ခဏာများ တွေ့ရှိဟုဆို နိရဥ္စရာ၊ ဇန်နဝါရီ ၁၃/၂၀၂၄ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခံခဲ့ရသည့် အမျိုးသား ၃ ဦးထဲမှ ၂ ဦး၏ အလောင်းတွင် အဓမ္မပြုကျင့်ခံရသည့် လက္ခဏာများတွေ့ရှိရကြောင်း အလောင်းကို သွားရောက်ယူဆောင်ပြီး စစ်ဆေးခဲ့သူများထံမှ သိရသည်။ “အလောင်းကို စတွေ့တော့ ဘောင်းဘီတွေ နှစ်ယောက်လုံးမှာ ကျွတ်နေတယ်။ နောက်ပြီး စအိုမှာ သွေးစတွေလည်း တွေ့ရတဲ့အတွက် ဒါဟာ ဘယ်လို လက္ခဏာလဲဆိုတာ ထင်သာနေပါပြီ။ နောက်ပြီး အလောင်းတွေဟာ လက်ပြန်ကြိုးတုပ်လျက်ကြီး တွေ့ရတာပါ။ တကယ်ကို စိတ်မကောင်းသလို စိတ်တိုဒေါသတွေထွက်ရပါတယ်” ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။ ဇန်နဝါရီ ၉ ရက် နေ့လယ်ပိုင်းအချိန်တွင် ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ ခမရ (၅၄၀) တပ်ရင်းစစ်ကြောင်းသည် မြို့ထဲသို့ ပြန်ဝင်လာပြီး လမ်းသွားလမ်းလာ အမျိုးသား ၃ ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကာ သေနတ်ဖြင့်ပစ်သတ်ပြီး အလောင်းကို စွန့်ပစ်ထားခဲ့သည်။ သေနတ်ဖြင့် ပစ်သတ်ခံရသူများမှာ ရှောက်တောစုရပ်ကွက်မှ ဦးထွန်းထွန်းဦးအသက် (၃၅ နှစ်)၊ ကိုစောနိုင်ထွန်းအသက် (၂၈ နှစ်) နှင့် အလယ်ဈေးရပ်ကွက်မှ ဦးစံရွှေကျော်အသက် (၅၂ နှစ်) တို့ ဖြစ်သည်။ယင်း ၃ ဦးအနက် ဦးထွန်းထွန်းဦးနှင့် ကိုစောနိုင်ထွန်းတို့သည် အသတ်မခံရမီ ယောက်ျားချင်း အဓမ္မပြုကျင့်ခံရသည့် လက္ခဏာများကို အလောင်း၌ တွေ့ရသည်ဟု အလောင်းသွားရောက် ယူဆောင်ခဲ့သူများက ပြောသည်။ မြောက်ဦးမှ လူမှုရေးလှုပ်ရှားသူတစ်ဦးက “စစ်တပ်ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ပြောစရာ စကားတောင် မရှိတော့ပါဘူး။ အရမ်းကို ယုတ်မာပါတယ်။ သူတို့ဆီရောက်သွားရင် အဆုံးလို့ မှတ်ယူရတဲ့ အနေအထားပါ။ ကျနော် ဘာမှပြောစရာစကားတောင် မရှိတော့ပါဘူး”ဟု ပြောသည်။ ယခုဖြစ်ရပ်နှင့် ပတ်သက်၍ စစ်ရေးပြင်းထန်လာသည်နှင့်အမျှ ပြည်သူများအား ဆိုးဝါးစွာ ယုတ်မာလာသည့် စစ်ကောင်စီအပေါ် နိုင်ငံတကာ အနေနှင့်လည်း ထိရောက်စွာ အရေးယူ ဆောင်ရွက်သင့်ကြောင်း ရခိုင်လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။ “ဒါက စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်။ ဒီအပေါ်မှာ ဒီလိုတွေ စစ်တပ်က ယုတ်မာနေသမျှကို နိုင်ငံတကာက လက်ပိုက်ကြည့်နေတော့မှာလား။ ထိထိရောက်ရောက် တားဆီးမှုတွေ ထိအားပေးမှုတွေနဲ့ အရေးယူပေးဖို့ကို ကျနော်တို့ တောင်းဆိုချင်ပါတယ်”ဟု ပြောသည်။ မြောက်ဦးအခြေစိုက် ခမရ (၅၄၀) မှ အင်အား (၅၀) ကျော်ခန့်ရှိ စစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ သကျမာရ်အောင် ဘုရားအနီးတွင် မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ (၁၅) ဦးထက်မနည်းကျဆုံးခဲ့ကာ အကျအဆုံးများကြောင်း၊ အထိနာနေသော စစ်ကြောင်းသည် မြောက်ဦးမြို့အတွင်းသို့ဆုတ်ပြေးစဉ် လမ်း၌တွေ့ရှိသော မြောက်ဦးမြို့ခံ (၃) ဦးအား လူသားဒိုင်းကာလုပ်၍ ခမရ (၅၄၀) တပ်ရင်းသို့ ခေါ်ဆောင်သွားပြီး အဆိုပါအပြစ်မဲ့ အရပ်သား (၃) ဦးစလုံးအား သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီလ (၉) ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (ကျန်ရစ်သူ မိသားစုများနှင့် စာဖတ်ပရိသတ်အား အထူးတောင်းပန် အပ်ပါသည်။ ယခုသတင်းနှင့် ပတ်သက်ပြီး မဖော်ပြချင်ပါသော်လည်း မြန်မာစစ်ကောင်စီတပ်၏ လူမဆန်သည့် ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းလှသည့် လုပ်ရပ်များကို မဖော်ထုတ်ဘဲ ဖုံးကွယ်ထားရန် မဖြစ်နိုင်၍ ဤသတင်းအား ရေးသားတင်ပြရခြင်းဖြစ်ပါသည်။ ယခုသတင်းနှင့် အတူ အသတ်ခံရသူ နှစ်ဦး၏ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည့် ဓာတ်ပုံများကို အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *