ရသေ့တောင်ပွဲဲ ကြမ်းနေပြီ

ရသေ့တောင်မြို့ပေါ် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် တိုက်ခိုက် နိရဉ္စရာ၊ ဇန်နဝါရီ ၁၆/၂၀၂၄ရခိုင်ပြည်၊ ရသေ့တောင်မြို့ပေါ်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေပြီး ပြင်းထန်နေကြောင်း သတင်းရရှိသည်။ရသေ့တောင်မြို့တွင် ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့ ည ၈ နာရီခန့်ကနေ မြို့ပေါ်တပ်ရင်းများဖြစ်သည့် စစ်ကောင်စီ၏ ခမရ (၅၃၇) နှင့် (၅၃၈) တပ်ရင်းများကို ရက္ခိုင့်တပ်တော်(AA)က စစ်ဆင်တိုက်ခိုက်ရာမှ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ရသေ့တောင်မြို့ခံတစ်ဦးက နိရဉ္စရာကိုပြောသည်။” ခု ရှင်တစ်ထောင်ဘုရားနဲ့ နီးတဲ့ မြို့ပေါ်က တပ်ရင်း ၅၃၇နဲ့ ၅၃၈ နားမှာ တိုက်ပွဲတော်တော် ပြင်းထန်နေတယ်။ လက်နက်ကြီးလက်နက်ငယ် ပစ်တယ်။ လေယာဉ်တွေနဲ့ပစ်နေတယ်။ ခုည ၈ နာရီခွဲထိ ပစ်တုန်း” ဟုပြောသည်။စစ်ကောင်စီဖက်မှ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲသလို လက်နက်ကြီး လက်နက်ငယ် များဖြင့်လည်း ဆက်တိုက် ပစ်ခတ်နေသည်ဟု ရသေ့တောင်မြို့ခံတစ်ဦးက နိရဉ္စရာကို ပြောသည်။” သူတို့ဘက်က ဂျက်ဖိုက်တာတွေနဲ့ လာပစ်တယ်။ အဲ့ဒီဂျက်ကို ကိုယ့်ဖက်က ပစ်လိုက်တာ ထိမထိတော့ မသိရသေးဘူး။ ပွဲကတော့ ခု ၈နာရီခွဲထိ မပြီးသေးဘူး” ဟုပြောသည်။ယင်းအပြင် ယနေ့ ဇန်နဝါရီ ၁၆ ရက် ည ၇ နာရီခန့်ကလည်း ဂျက်လေယာဉ် ၂ စီးဖြင့် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ မေယုမြစ် တစ်ဘက်တစ်ချက်ရှိ ရေစိုးချောင်း၊ ထီးစွဲ၊ ပြင်ဝန်း၊ ကံပြင်နှင့် မညှင်းတောင်ကျေးရွာ အနီးဝန်းကျင် စစ်ကောင်စီတပ်က ဗုံးလာကြဲခဲ့သည်ဟု မညှင်းတောင် ဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။” ညနေ ခုနှစ်နာရီကလည်း ဂျက်လေယာဉ် နှစ်စီးနဲ့ ဗုံးလာကြဲတယ်။ ဆက်တိုက်ပစ်နေတယ်။ သူတို့က ရက္ခိုင့်တပ်တော် ဖမ်းတဲ့ အထဲမှာ ‌ဗျူဟာမှူးတွေလည်း ပါတယ်ဆိုတော့ ဂျက်ဖိုက်တာနဲ့ လာပစ်နေတာ ” ဟုပြောသည်။ယင်းအပြင် ပြိန်းတောကျေးရွာနားတွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီ တပ်သား အများအပြားလည်း ရက္ခိုင့်တပ်တော်က ထပ်မံဖမ်းမိထားကြောင်း သတင်းများထွက်ပေါ်နေသည်ဟု ၎င်းက ပြောကြားသည်။ရသေ့တောင်မြို့နယ်တွင် စစ်တပ်စခန်းအများအပြားရှိရာမှ နောက်ဆုံး လက်ကျန် စခန်း ၂ ခုဖြစ်သည့် ထီးစွဲဗျူဟာနှင့် ဆောက်ခတ်စစ်စခန်း များသည်လည်း ဇန်နဝါရီ ၁၅ ရက် ညနေက တပ်ရုတ် သိမ်းစွန့်ခွာသွားကြပြီး ရသေ့တောင် တပ်ရင်းများတွင် တပ်ပေါင်းကြသည်ဟု သိရသည်။ စေတီပြင်နယ်ခြားစောင့်စခန်းနှင့် စေတီတောင် ကုန်းပေါ်မှ စခန်း၊ စေတီပြင်-ကျောက်ပန်းတူ တောင်ကျော်လမ်းရှိ သင်္ကန်းတောင်စခန်းတို့သည် ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်ကလည်းကောင်း၊ ရေစိုးချောင်းဗျူဟာ၊ အမျက်တောင်စခန်း၊ မညှင်းတောင် စစ်စခန်း၊ ဆောက်ခတ်နှင့် ထီးစွဲဗျူဟာများသည် ဇန်နဝါရီ ၁၅ ရက်နေ့ကလည်းကောင်း အသီးသီးစခန်းကို စွန့်ခွာကာ တပ်ဆုတ်သွားကြသည်ဟု သိရသည်။လက်ရှိ ရသေ့တောင်မြို့ပေါ်တွင် ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈) တပ်ရင်း (၃) ရင်းသာကျန်ရှိပြီး ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့ ည ၈ နာရီတွင် ခမရ (၅၃၇) နှင့် (၅၃၈) တပ်ရင်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း‌ ဖြစ်ကြောင်းသိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *