အုတ်ဖိုမြို့နယ်အတွင်း စစ်သားတွေကို မျှားခေါ် ပြီး မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေပြီး ၁၁ ဦးဒဏ်ရာရ (ရုပ်/သံ)+
ဇန်နဝါရီ ၁၇ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်ပေါ်က စစ်သားတွေကို မျှားခေါ်ပြီး မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေပြီး ၁၁ ဦးဒဏ်ရာရသွားတယ်လို့ မြေအောက်ပြောက်ကျား တပ်ဖွဲ့ (အုတ်ဖို) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာရဲစခန်းက စစ်ကောင်စီတပ် အင်အား ၅၀ ခန့်ဟာ ဂမုန်းဆည်ပေါ်မှာ လာရောက်တပ်ဆွဲထားချိန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက် ကျားတပ်ဖွဲ့-အုတ်ဖိုရဲ့ ကျားကြီးစစ်ကြောင်းက ဇန်နဝါရီ ၁၆ ရက် မနက် ၇ နာရီမှာ သွားရောက်တိုက်ခိုက်ခဲ့ပြီး ၄၅ မိနစ်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် တော်လှန်ရေးတပ်ဟာ တာဝါတိုင်ကုန်းအနီးက လယ်ကွင်းရှိ မိုင်းကွင်းထဲကို ပြန်ဆုတ်လာရာ ထွက်ပြေးသွားပြီအထင်နဲ့ စစ်ကောင်စီတပ်က လိုက်လံတိုက်ခိုက်ချိန် ပဒေသာမိုင်းများနဲ့ စောင့်ကြိုတိုက်ခိုက်ပြီး ၄၀ မမ ၊ လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်က အထိနာသွားတာကြောင့် သေဆုံး ဒဏ်ရာရသူများကို သယ်ကာ ဝိုင်းရဲစခန်းကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။
“သူတို့တပ်လာစွဲတာကို မိုးမလင်းခင် မနက် ၂နာရီ၊ ၃နာရီလောက်မှာထဲက သတင်းရတယ်၊ သေတဲ့သူတွေရော ဒဏ်ရာရသူတွေရော အတန်းလိုက်ကြီး ထမ်းပြီးသယ်သွားတာကိုလည်း တွေ့ရတယ်။ ပြီးတော့မှ ကား ၂စီးနဲ့ လာသယ်သွားတာ။ သင်တန်းဆင်းလာတဲ့ ပျူတွေပါမဲ့ သဘောမျိုးရှိပါတယ်၊ စပစ်တာနဲ့ ကြောက်လန့်ပြီး ထွက်ပြေးကုန်ကြတာ။
လောလောဆယ်တော့ သူတို့ထပ်ပြီး မတက်လာရဲတော့ပါဘူး၊ အခု ဝိုင်းရွာရဲစခန်းကို ပြန်ဆုတ်ကုန်ပြီ” လို့ မြေအောက်ပျောက်ကြားတပ်ဖွဲ့ (အုတ်ဖို)၊ တပ်ခွဲမှူး ရဲဘော်ဒေဝက မောင်းကိုပြောပါတယ်။
ပြန်လည်ဆုတ်ခွာသွားတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်များက ဝိုင်းရဲစခန်းအထိ လိုက်လံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ကျည်ဘောက် ၂ ခု၊ ကျည်ဆံ အတောင့် ၄၀ ၊ လေးခွနဲ့ စစ်အသုံးအဆောင်များ သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီတပ်က ၃ ဦးသေပြီး ၁၁ ဦးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။