ခဝေးသားပေါက်နှစ်ကောင် မတာစရိတ်အသဲသန်ရှာနေဘီ

“မလုပ်ရဲတာဘာတစ်ခုမှ မရှိဘူး” ဆိုခဲ့သည့် မင်းအောင်လှိုင်၏ သားနှင့်သမီးတို့က စီးပွားရေး တွင် ၎င်းတို့ မလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းမရှိတော့ဘဲ ဆိုလာစနစ် လျှပ်စစ်နှင့် EV ကားတင် သွင်း မှုများကို အကြီးအကျယ် တိုးချဲ့လုပ်ကိုင်နေ

By ရန်ကုန်ခေတ်သစ်

“မလုပ်ရဲတာဘာတစ်ခုမှ မရှိဘူး” ဆိုခဲ့သည့် မင်းအောင်လှိုင်၏ သားနှင့်သမီးတို့က ပြည်တွင်း စီးပွားရေး နယ်ပယ်တွင် ၎င်းတို့ မလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းမရှိတော့ဘဲ ဆိုလာစနစ် လျှပ်စစ်၊ EV ကားတင်သွင်းမှုလုပ်ငန်းများကို အကြီးအကျယ် တိုးချဲ့လုပ်ကိုင်နေကြောင်း စီးပွားရေး အသိုင်းအဝိုင်းနှင့် တပ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံသည် ဆိုလာလျှပ်စစ်ကုမ္ပဏီများကို နာမည်ခွဲ များစွာ ဖြင့် ထူထောင်၍ ဆိုလာလျှပ်စစ်စက်ရုံများအတွက် ဆိုလာပြားများ တင်သွင်းနေကြောင်း သိရှိ ရသည်။

စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနက အကောင်အထည်ဖော်လျက်ရှိသော တောင်တွင်းကြီးမြို့ရှိ ၆၆ ကေဗွီ ဓာတ်အားခွဲရုံတွင်၄၀ မဂ္ဂါဝပ် ဆိုလာစက်ရုံ ၊စလင်းမြို့နယ် တညောင်ရှိ ၆၆ ကေဗွီ ဓာတ်အားခွဲရုံတွင် ၄၀ မဂ္ဂါဝပ် ဆိုလာစက်ရုံ၊ ပခုက္ကူမြို့ ဗုဒ္ဓကုန်းရှိ၆၆ ကေဗွီဓာတ်အားခွဲရုံတွင် ၄၀ မဂ္ဂါဝပ် ဆိုလာစက်ရုံ၊ ပေါက်မြို့နယ်ချောင်းကူးရှိ ၆၆ ကေဗွီဓာတ်အားခွဲရုံတွင်၄၀ မဂ္ဂါဝပ် ဆိုလာ စက်ရုံ ၊ ချောက်မြို့ရှိ ၆၆ ကေဗွီ ဓာတ်အားခွဲရုံတွင် ၄၀ မဂ္ဂါဝပ် ဆိုလာစက်ရုံ၊ ကျွန်းချောင်းရှိ ၆၆ ကေဗွီဓာတ်အားခွဲရုံတွင် ၄၀ မဂ္ဂါဝပ် ဆိုလာစက်ရုံတို့အတွက် လိုအပ်သော ဆိုလာပြားများကို အောင်ပြည့်စုံ၏ ကုမ္ပဏီများက တင်သွင်းပေးလျက်ရှိကြောင်း သိရှိရသည်။

တောင်တွင်းကြီးမြို့နှင့် စလင်းမြို့နယ်တို့ရှိ ဆိုလာစက်ရုံနှစ်ခုတည်ဆောက်မှုများတွင် Construction of China Gezhouba Group Oversea Investment Co.,Ltd. and Future Energy Co.,Ltd. and Xi an Longi Clean Energy Co.,Ltd. တို့က တင်ဒါအောင်မြင်ခဲ့ကာ ပခုက္ကူ၊ ပေါက်၊ ချောက်၊ကျွန်းချောင်းရှိ ဆိုလာစက်ရုံလေးခု တည်ဆောက်မှုကို Sungrow Power Supply Co.,Ltd. က အောင်မြင်ခဲ့ကြောင်း၊ အဆိုပါ စက်ရုံများအတွက် ဆိုလာပြားများကို မင်းအောင် လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက တင်သွင်းပေးခဲ့ကြောင်း သိရှိရသည်။

နေပြည်တော်ရှိ ရေလှောင်ဆည် ၃ ခုတွင် အကောင်အထည်ဖော်နေသည့် ဆိုလာစီမံကိန်း ၃ တွင် လည်း အောင်ပြည့်စုံ၏ ကုမ္ပဏီခွဲဖြစ်သော Venus Essential က လုပ်ကိုင်ခွင့်ရရှိပြီး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရှိရသည်။

အလားတူ အခြားတစ်ဖက်တွင်လည်း မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်က EV လျှပ်စစ်ကားတင်သွင်းမှုများကို အရှိန်အဟုန်ဖြင့် တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်က ၎င်း၏ လုပ်ဖော်ကိုင်ဖက်များဖြစ်သော နိုင်ဖြိုးကျော်၊ ဝေယံမင်းမောင်တို့နှင့်အတူ NPK Motor Co Ltd ကုမ္ပဏီထူထောင်ပြီး မြန်မာနိုင်ငံတွင်းသို့ လျှပ်စစ် ကားများနှင့် MG Myanmar ၊ Leapmotor Myanmar အမျိုးစား လျှပ်စစ် ကားများကို တိုးမြှင့်တင်သွင်းနေကြောင်း သိရှိရသည်။ ။

မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်သည် 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ တည်ဆောက်လုပ်ကိုင်ရာတွင်လည်း ဝေယံမင်းမောင်၊ နိုင်ဖြိုးကျော်တို့နှင့်အတူ လုပ်ကိုင်ခဲ့ပြီး ယခုအခါ NPK Motor Co Ltd ကုမ္ပဏီ တည်ထောင်၍ မြန်မာနိုင်ငံတွင်းသို့ လျှပ်စစ်ကားများ၊ MG Myanmar ကားများ တင်သွင်းနေကြောင်း၊ မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိ သက်မွန်ကုမ္ပဏီ NPK Motor က လျှပ်စစ်ကားနှင့် ပြည်ပမှ ကားများကို စိတ်ကြိုက်တင်သွင်းခွင့် ရရှိထားကြောင်း သိရှိရသည်။

“ဘာပါမစ်လျှောက်လျှောက် စားအုန်းဆီ၊ စက်သုံးဆီ၊ မြေဩဇာ၊ နိုင်ငံခြားဆေးဝါး ပြည်ပ သွင်းကုန် ဘာပဲ သွင်းသွင်း စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ သုံးငွေကြီးကြပ်မှု ကော်မတီက ခွင့်ပြုမှ စီးပွား ကူးသန်းက ပါမစ်ထုတ်ပေးတာ။ မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်ရဲ့ ကုမ္ပဏီကတော့ အဲဒါ တွေကို လျှောက်ထားစရာ ဖြတ်စရာမလိုဘူး။ မင်းအောင်လှိုင်သား အောင်ပြည့်စုံနဲ့ သမီး ခင်သီရိ သက်မွန်တို့က စီးပွးရေးတွေ အကုန်လုံးလုပ်နေတဲ့ နေရာမှာ ခင်သီရိသက်မွန်ရဲ့ လူယုံ စီးပွားရေး သမားမှာ တော့ နိုင်ဖြိုးကျော်ပေါ့။ သူကလွဲပြီး မင်းအောင်လှိုင်သမီးဆီ ဘယ်သူမှ ဝင်ထွက်လို့ မရဘူး” ဟု စီးပွားရေးသတင်းရင်းမြစ်က ပြောဆိုသည်။

မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန် တင်သွင်းနေသော MG Myanmar က မြန်မာနိုင်ငံတွင်းသို့ လျှပ်စစ်ကားများနှင့် MG အမှတ်တံဆိပ်ကားများ၊ Leapmotor Myanmar အမျိုးစား လျှပ်စစ် ကားများ တင်သွင်းနေရာတွင် ကားမိတ်ဆက်ပွဲများကို သရုပ်ဆောင် မင်းသား၊ မင်းသမီးများ ဖိတ် ကြား၍ ခြိမ့်ခြိမ့်သဲသဲ မကြာခဏဆိုသလို ကျင်းပလေ့ရှိကြောင်း သိရှိရသည်။

ထို့ပြင် မင်းအောင်လှိုင်သမီး ကုမ္ပဏီက မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်ကားများတွင် ဓာတ်အားသွင်း သည့် EV Charging Station များလုပ်ပိုင်ခွင့်ရရှိထားပြီး မတ်လ ၄ ရက်နေ့ နေပြည်တော်တွင် EV Charging Station ကို ပထမဆုံး ဖွင့်လှစ်ခဲ့ကြောင်း ၊ ယင်းဖွင့်ပွဲ အခမ်းအနားသို့ နိုင်ဖြိုးကျော် နှင့်အတူ စစ်ကောင်စီဝန်ကြီးများအားလုံး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်၏ လူယုံ နိုင်ဖြိုးကျော်သည် သရုပ်ဆောင် ဝတ်မှုရွှေရည်၏ ခင်ပွန်းဖြစ်ပြီး ၎င်းတို့ စီးပွားရေးအုပ်စုက ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီများကို နာမည်အမျိုးမျိုးဖြင့် ထောင်ကာ ရုပ်ရှင်များ ရိုက်ကူးထုတ်လုပ်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက EV ကားတင်သွင်းမှုအဖြစ် တရုတ်BYD ကုမ္ပဏီမှ ကားများကို ပြည်တွင်းကုမ္ပဏီခွဲများစွာ တည်ထောင်၍ တင်သွင်းနေကြောင်း သိရှိရသည်။

“EV ကားထုတ်လုပ်ရေး တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ BYD ကုမ္ပဏီကို မင်းအောင်လှိုင်သား အောင် ပြည့် စုံက မြန်မာနိုင်ငံ တစ်ဦးတည်း Dealer အဖြစ်ယူထားပါတယ်။ ကုမ္ပဏီကိုတော့ တစ်ခြားသူ နာမည်နဲ့တည် ထောင် ထားပါတယ်။ တစ်ခြား တည်ထောင်ထားတဲ့ EV ကားကုမ္ပဏီ များစွာ လည်းရှိပါသေးတယ် ” ဟု ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ပြောသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ပြည်တွင်း လျှပ်စစ် ဓာတ်အား လုံလောက်စွာ ရရှိရေးအတွက် ဆိုလာနှင့် ဆက်စပ် ပစ္စည်းကို ပြည်ပမှ တင်သွင်းမည်ဆိုပါ မည်သည့် ငွေကြေးမှ ပေးဆောင်ရန် မလိုဘဲ အခွန်ကင်းလွတ်ခွင့်ပြုခဲ့ပြီးနောက် မင်းအောင်လှိုင်၏ သားနှင့်သမီးဖြစ်သူတို့က ဆိုလာလျှပ်စစ်နှင့် EV ကားတင်သွင်းမှုများကို အကြီးအကျယ် တိုးမြှင့် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *