အညာတွက်သတင်းကောင်းလာဘီ

BPLA က အညာမှာ စစ်မျက်နှာ ဖွင့်မယ်၊

စိုးမိုးနယ်မြေ ရရှိရေးနဲ့ ပြည်သူကို ကာကွယ်ပေးဖို့ အညာမှာ စစ်ရေးဖော်ဆောင်မှာလို့ဆို

ဇန်နဝါရီ – ၂၉

ရှမ်းမြောက်မှာ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်နေတဲ့ ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (BPLA) က ဗမာပြည်သူအများစု နေထိုင်တဲ့ အညာဒေသ၊ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးမှာ စစ်မျက်နှာ ဖွင့်မယ်လို့ BPLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်လင်းလင်းက ပြောပါတယ်။

ဇန်နဝါရီ(၄)ရက်က ထုတ်ပြန်ထားတဲ့ BPLA ရဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ မူဝါဒ ရပ်တည်ချက် ကြေညာ စာတမ်းမှာလည်း ဗမာအများစု နေထိုင်တဲ့ အညာဒေသမှာ စိုးမိုးနယ်မြေ ရရှိဖို့နဲ့ ပြည်သူလူထုရဲ့ လူ့ဂုဏ်သိက္ခါ၊ လွတ်လပ်မှုနဲ့ လုံခြုံမှုတွေကို ကာကွယ်စောင့်ရှောက်ဖို့ ကြိုးပမ်းမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် အညာဒေသကို စစ်မျက်နှာဖွင့်ဖို့ဟာ BPLA ရဲ့ အဓိက ရည်မှန်းချက် ဖြစ်တယ်လို့ ရဲဘော် လင်းလင်းက ပြောပါတယ်။

“ကျနော်တို့ ဒီ Position Paper (မူဝါဒကြေညာစာတမ်း) ထုတ်ထားတယ်ပေါ့။ တပ်ရဲ့ မူဝါဒကြေညာစာတမ်းကို ထုတ်ထားတယ်။ ဒီမှာလည်း ပါတယ်ပေါ့။ ကျနော်ရဲ့ စစ်ရေးမဟာဗျူဟာ ဦးတည်ချက်ကတော့ စစ်ကိုင်း၊ မကွေး၊ မန္တလေးပေါ့။ ဒီလို အညာဒေသတွေကို စစ်ရေးဖော်ဆောင်ဖို့ ဖြစ်တယ်။ ကျနော်တို့ ကိုယ်တိုင်ကလည်း ဗမာပြည်နယ် ဖွဲ့စည်း တည်ဆောက်ရေး ဆိုတဲ့ဟာကို သတ်မှတ် ပြဌာန်းထားတယ်။ ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်တော်လည်း ဖြစ်တဲ့ခါကျတော့ ဗမာလူမျိုးတွေ ရှိတဲ့ အညာဒေသကို သွားနိုင်ဖို့ဆိုတာ ကျနော်တို့ရဲ့ ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။ ဆက်သွားဖို့လည်း ကျနော်တို့ ပြင်ဆင်နေတာတွေ ရှိတယ်။ ဒီမှာ ပြင်ဆင် ဆောင်ရွက်နေတာတွေ ရှိပါတယ်”

BPLA အနေနဲ့ လက်ရှိမှာ တပ်ရင်း ငါးရင်း ဖွဲ့စည်းထားပြီး ဖြစ်ကာ နောက်ထပ်လည်း တပ်ရင်းတစ်ရင်းစာ တပ်သားသစ်တွေ ခေါ်ယူနေပါတယ်။

အညာဒေသကို ဘယ်အချိန်ကာလမှာ စစ်မျက်နှာဖွင့်မယ်ဆိုတာတော့ အတိအကျပြောလို့ မရသေးဘူးလို့ ရဲဘော်လင်းလင်းက ဆိုပါတယ်။

“အချိန်ကိုတော့ အတိအကျ မပြောနိုင်ဘူးပေါ့။ ပြင်ဆင်မှုတွေကတော့ တောက်လျှောက် လုပ်နေတယ်။ ပိုကောင်းအောင်၊ ပိုပြီးတော့ စနစ်ကျအောင် ဒီကို လွှတ်မယ့်သူတွေကိုလည်း ပိုကောင်းတဲ့ အရည်အသွေးတွေ ရှိအောင်လို့ ပိုပြီးတော့ သင်တန်းတွေ ပေးတာ။ တခြားသော မွမ်းမံသင်တန်းတွေ ပြန်ပေးတာ။ ဒါတွေလည်း လုပ်နေတယ်။ တခြားတိုက်ပွဲ အတွေ့အကြုံတွေ ရအောင်၊ ရှေ့တန်းစစ်မျက်နှာပြင်မှာလည်း တိုက်ပွဲတွေ ဝင်နေတယ်ပေါ့။ ဆိုတော့ ဘယ်လောက် အချိန်ကြာမလဲ ဆိုတာကတော့ အခုနက ပြောတဲ့ ဒီကို လွှတ်ဖို့ ပြည်မီတယ်ဆိုတဲ့ အခြေအနေတွေကို ကျနော်တို့မှာ သတ်မှတ်ထားတာတွေ ရှိတယ်။ ဒီအချိန်ကာလ ရောက်ရင်တော့ ကျနော်တို့ သွားမှာ ဖြစ်တယ်။ အချိန်ကာ လအတိအကျကိုတော့ ပြောလို့မရဘူးပေါ့”

BPLA အနေနဲ့ တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့တွေ ဖြစ်တဲ့ KNU နဲ့ AA ဆီမှာ စစ်ပညာသင်ကြားခဲ့ပြီး လက်ရှိ ကရင်ပြည်နယ်မှာ အမှတ် (၁၀၇) စစ်ဒေသနဲ့ ရှမ်း(မြောက်)မှာလည်း အမှတ် (၂၀၃) စစ်ဒေသအဖြစ် ဖွဲ့ထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွေ့အကြုံ ရရှိဖို့အတွက်လည်း ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့အတူ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးမှာလည်း BPLA ရဲဘော်တွေ ပူးပေါင်းပါဝင် တိုက်ခိုက်နေပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *