ခဝေးတိုးပေါက်ကဝင်ဖို့ချောင်းနေသောငပု

စစ်ကောင်စီက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုဖြစ်လာချိန်တွင် အခြေအနေတစ်ခု ဖန်တီးနိုင်ရန် အတွက် အောက်ကျို့ခံလာ

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်

ဖေဖော်ဝါရီ ၁ ရက်

အာဏာသိမ်း စစ်ကောင်စီသည် ဘက်ပေါင်းစုံ ရှုံးနိမ့်နေသည့်အတွက် အာဆီယံတွင် လက်ရှိအလှည့်ကျဥက္ကဌအဖြစ် လာအိုတာဝန်ယူချိန်တွင် အခြေအနေတစ်ခု ဖန်တီး နိုင်ရန် ၎င်းတို့၏ တင်းမာမှုများလျော့၍ အောက်ကျို့ခံလာကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) နှင့် လေ့လာသူများက သုံးသပ်ပြောကြားသည်။

လာအိုနိုင်ငံ လွန်ပရာဘန်မြို့တွင် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ပြုလုပ်သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နိုင်ငံရေးအရ အဆင့်မတူလျှင် မတက်ရောက်ဟု ကြေညာထားသော အာဏာသိမ်း စစ်ကောင်စီက ၎င်းလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက်ကို တက်ရောက် ရန် ပထမဆုံးစေလွှတ် ခဲ့သည်။

“ဒါကတော့ အကြမ်းဖက် စစ်ကောင်စီက အစစအရာရာမှာ ရှုံးနိမ့်နေတဲ့အတွက် အောက်ကျို့ခံပြီးတော့ အာဆီယံအဖွဲ့ရဲ့ သဘောအတိုင်း နိုင်ငံရေးအရ ပတ်သက် ခန့်ထားခြင်းမရှိတဲ့ သူကိုပဲ (no political appointee) တက်ဖို့အတွက် လွှတ်ရတဲ့ အနေ အထား ဖြစ်ပါတယ်။ ဒါက သူတို့အရင်က တင်းတင်းမာမာနဲ့ အပေါ်စီးကနေ ပြောနေတဲ့ ဟာကနေ အခုအောက်ကျို့ခံပြီး ဘာပဲရရ ခွင့်ပြုထားတဲ့အတိုင်း လုပ်ပါ့မယ်ဆိုတာမျိုး” ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် အာဆီယံအနေဖြင့် ၎င်းတို့မူဝါဒ ပြောင်းလဲသွားခြင်း မရှိသော်လည်း မြန်မာပြည်သူ လူထု၏သဘောထားဆန္ဒကို သိရှိနားလည်၍ စစ်ကောင်စီကို ပိုမိုပြင်းထန်သော ဖိအားများပေးရန် လိုအပ်ကြောင်း ဦးကျော်ဇောက ဆိုသည်။

မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နောက်ဆုံး တက်ရောက်ခွင့် ရရှိခဲ့သော ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ပြုလုပ်သည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ ဘုံသဘောတူညီချက် (၅)ရပ် ချမှတ်ခဲ့မှုအပေါ် အကောင်အထည် ဖော်ဆောင်ရန် ယခုအာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ထပ်လောင်းအတည်ပြုခဲ့ ကြောင်း သိရသည်။

ထိုကာလမှစ၍ အာဆီယံက စစ်ခေါင်းဆောင်များနှင့် ၎င်းတို့လက်အောက်ခံ နိုင်ငံခြားရေး ဝန်ကြီးတို့ကို ထိပ်သီးအစည်းများနှင့် စပ်ဆက်အစည်းအဝေးများတွင် တက်ရောက်ခွင့် မပြုတော့ဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ လက်ခံမည်ဟု ဆုံးဖြတ်ခဲ့သဖြင့် စစ်ကောင်စီကလည်း နိုင်ငံရေးအရ အဆင့်မတူလျှင် တက်ရောက်မည် မဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။

“စစ်ကောင်စီဘက်က အလျှော့ပေးရတဲ့ သဘောမျိုးဖြစ်တာကိုးနော်။ အစတုန်းက သူက နိုင်ငံခြားရေးဝန်ကြီး တက်လို့မရရင် မတက်ဘူးလို့ ပြောထားတာလေ။ အခုက ဟိုနေ့က ကြားတာတော့ နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်လဲ နေ့ချင်းပြန် လေယာဉ်ပျံနဲ့ သွားလိုက် သေးတယ်လို့ပြောတယ်။ ဝင်ပြီးကြိုးစားတာမရလို့ ပြန်လာပြီးတော့မှ နိုင်ငံခြားရေး အတွင်းဝန်ကို တက်ခိုင်းလိုက်ရတာလို့ပြောတယ်။ သူဒီလိုမလုပ်ရင်လဲ မရတော့ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလာအိုကိုယ်စားလှယ်က NUG က ဒေါ်ဇင်မာအောင်နဲ့လည်း တွေ့တယ်ဆိုတာကိုး” ဟု မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်ခင် စစ်ကောင်စီသည် လေယာဉ်ဖြင့် လာအိုနိုင်ငံသို့ နေ့ချင်းပြန်သွားရောက်ခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းများအရ သိရှိရသော်လည်း ယနေ့ထိတိုင် တရားဝင် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

စစ်ကောင်စီက ထိုကဲ့သို့ နိုင်ငံရေး ကိုယ်စားမပြုသည့် ကိုယ်စားလှယ်စေလွှတ်ခြင်းသည် လာအိုနိုင်ငံ အလှည့်ကျဥက္ကဌ တာဝန်ယူချိန်တွင် လက်ရှိ မြန်မာ့နိုင်ငံရေး၊ စစ်ရေး ဖြစ်ပျက်မှု အခြေအနေများအရ အာဆီယံအတွင်း နိုင်ငံရေး၊ ဆက်ဆံရေး အခြေအနေတစ်ခုခုကို ဖန်တီးနိုင်ရန်အတွက် စဉ်းစားကြိုးစားမှု ဖြစ်သည်ဟု မြင်မိကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆိုသည်။

“အာဆီယံ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးဌာနအဆင့်တွေမှာတော့ တောက် လျှောက်ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေခဲ့ပါတယ်။ အဲဒီထက်ပိုတဲ့ political space တခုကို လာအို ဥက္ကဌဖြစ်ချိန် လက်ရှိ ကမ္ဘာ့နိုင်ငံရေး၊ အာဆီယံနိုင်ငံရေး အခြေ အနေတွေကြားမှာ ဖန်တီးရယူတယ်လို့ မြင်မယ်ဆို မြင်လို့ရပါတယ်” ဟု ဒေါက်တာစိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လာအိုနိုင်ငံသည် ၂၀၂၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် သံတမန်အတွေ့ အကြုံရှိသော အလွန်ကီယို ကစ်တီခွန် (Alounkeo Kittikhoun) ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စား လှယ်ခန့်အပ်၍ မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းခရီးစဉ်များ ပထမဆုံးစေလွှတ်ခဲ့သည်။

မစ္စတာ ကစ်တီခွန်သည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ လာရောက်၍ အာဏာသိမ်း စစ်ခေါင်းဆောင်အပြင် NCA လက်မှတ်ထိုးထားသော အပစ်ရပ်အဖွဲ့နှင့် နိုင်ငံရေးပါတီများအား တွေ့ဆုံခဲ့သလို အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ အိမ်နီးချင်း နိုင်ငံများဖြစ်သော ထိုင်း၊ တရုတ် တို့နှင့်ပါ မြန်မာအရေး တွေ့ဆုံဆွေးနွေးခဲ့သည်။

“အခု ကျွန်မကြည့်နေတာ တရုတ်က ဒီအပစ်အခတ် ရပ်စဲပြီးလို့ရှိရင်တော့ နိုင်ငံရေး စားပွဲပေါ်ရောက်အောင်၊ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်အောင် လုပ်မယ်ထင်တယ်။ အဲ့ဒီတော့ လာအိုကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ လာတွေ့တယ်လို့ ကြားတယ်။ အဲ့တော့ ထူးခြားတာတွေတော့ နဲနဲပါးပါး ဖြစ်လာမယ်ထင်တယ်။ ဘာလို့ဆို စစ်ကောင်စီ ကို ဒီတော်လှန်ရေးက တော်တော်ထိထိရောက်ရောက် တိုက်လိုက်နိုင်တာပေါ့။ ဒါကြောင့် စစ်ကောင်စီ ဘက်ကတော့ နဲနဲပါးပါးလျှော့လာတာ တွေ့နိုင်တယ်” ဟု ဒေါက်တာ လှကျော်ဇောက ပြောသည်။

သို့သော် စစ်ကောင်စီသည် ၎င်း၏ အာဏာရှင်စနစ်ကို ဆက်လက်ခိုင်မာရန် နည်းလမ်း ပေါင်းစုံဖြင့် လှည့်ဖျားခြင်းများ လုပ်မည်ဖြစ်သောကြောင့် ထိုလှည့်ဖျားမှုထဲ မဝင်မိစေဘဲ လုပ်စရာရှိသည်ကို ဆက်လုပ်ရန်နှင့် စစ်ကောင်စီကို အနည်းဆုံး နိုင်ငံရေး၊ အုပ်ချုပ်ရေး နယ်ပယ်မှ ထွက်ခွာသွားစေရန် လုပ်ဆောင်ရလိမ့်မည်ဟု ဒေါက်တာ လှကျော်ဇောက ဆက်လက်ပြောကြားသည်။

ပုံစာ-လာအိုနိုင်ငံ လွန်ပရာဘန်မြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *