(၁.၂.၂၀၂၄)ရက်နေ့တွက် ဒေါ်လာ၊ ရွှေ၊ စက်သုံးဆီဈေးနှုန်းနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ

ဒေါ်လာ၊ ရွှေ၊ စက်သုံးဆီဈေးနှုန်းနှင့် အခြေခံစားသောက်ကုန်ဈေးကွက်

(ဇန်နဝါရီ ၁၆ ရက် မှ ၃၁ ရက်နေ့အထိ နှစ်ပတ်အတွင်းဈေးကွက်အခြေအနေ)

ဧရာဝတီတိုင်းမ်

ဖေဖော်ဝါရီ ၁ ရက်

နှစ်ကူးကာလ ယခုသီတင်းနှစ်ပတ်အတွင်း ဒေါ်လာဈေး၊ ရွှေဈေးနှင့် အခြေခံ စားသောက်ကုန်ဈေးများ အပါအဝင် လူသုံးကုန်ပစ္စည်းများဈေးနှုန်းများ တစ်စတစ်စ မြင့်တက်လာသည်။ ယင်းတို့အနက် ပြည်တွင်းအကယ်ဒမီ အခေါက်ရွှေဈေးနှုန်းက သိသိ သာသာမြင့်တက်နေသည်ကို တွေ့ရသည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပြည်ပသွင်းကုန်ပစ္စည်းများ အတွက် အမေရိကန် ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်ငွေများထုတ်ရောင်းပေးချိန်တွင် ပြင်ပဈေးကွက်တွင် ငွေလဲနှုန်းမြင့် တက်သွားကြောင်းသိရသည်။

စိုက်ပျိုးရေးထွက်ကုန် သီးနှံများထွက်ရှိချိန်တွင် ဆန်စပါးဈေးက အမြင့်တွင်သာငြိမ်နေပြီး စားဖို ဆောင်သီးနှံ တချို့ဈေးအနည်းငယ် ကျကြောင်းသိရသည်။

ထို့ပြင်နယ်စပ်ကုန်သွယ်ရေးစခန်းများ လေးလကြာပိတ်ထားရသဖြင့် ပြည်ပ သွင်းကုန် ပစ္စည်းများ တဖြည်းဖြည်းဈေးတက်လာသည့်အပြင် ကုန်ကြမ်းပစ္စည်းခက်ခဲမှုကြောင့် ပြည်တွင်း ထုတ်ကုန်များ ဈေးတက်လာကြောင်း ဈေးကွက်အတွင်းသိရသည်။

#နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇန်နဝါရီ ၂၆ ရက်နှင့် ၂၉ ရက်နေ့တွင် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်၊ ထိုင်းဘတ် ၁၄ သန်းကျော်နှင့် တရုတ်ယွမ် ၄ ဒသမ ၂ သန်းရောင်းချပေးမည်ဟု ထုတ်ပြန်သည်။

လက်ရှိ အမေရိကန်ဒေါ်လာဈေးကွက်တွင် ယခုနှစ်ပတ်အတွင်း ဈေးနှုန်းအတက် အကျအနေဖြင့် တစ်ဒေါ်လာလျှင် ကျပ် ၁၀၀ ကျော်မြင့်တက်သွားကြောင်း ဈေးကွက် အတွင်းက စုံစမ်းသိရသည်။

ဇန်နဝါရီ ၁၆ ရက်နေ့တွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၃၄၆၀ ရှိရာမှ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ကန်ဒေါ်လာလျှင် ကျပ် ၃၅၇၀ ရှိကြောင်းသိရသည်။

“ ပြီးခဲ့တဲ့ကြာသာပတေးနေ့ ( ဇန်နဝါရီ ၂၅ ရက်) လောက်ကတည်းက တစ်ဒေါ်လာကို ၃၅၀၀ ကျပ်ဖြစ် နေပြီ။ အဲဒီကနေတက်လာတာပဲ။ ထပ်တက်အုံးမယ်လို့ကြားတယ်။ ရွှေဈေးကလည်းတက်နေတယ် “ ဟု ဒေါ်လာဈေးကွက်နှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။

ဗဟိုဘဏ်က ဇန်နဝါရီ ၂၉ ရက်နေ့တွင် တရုတ်ယွမ် ၄ ဒသမ ၂ သန်းထုတ်ရောင်း ပေးသော်လည်း တရုတ်ယွမ်ဈေးကွက်တွင် နှစ်ပတ်အတွင်း တစ်ယွမ်လျှင် ကျပ် ၃၀ နီးပါး ဈေးတက် လာကြောင်း သိရသည်။

ဇန်နဝါရီ ၁၆ ရက်နေ့တွင် တရုတ်တစ်ယွမ်လျှင် ၄၆၅ ကျပ်ရှိရာမှ ဇန်နဝါရီ ၃၁ ရက်နေ့တွင် တစ်ယွမ်လျှင် ကျပ် ၄၉၈ ကျပ်ရှိလာကြောင်းသိရသည်။

စစ်ကောင်စီက ယခုနှစ်ပတ်အတွင်း ထိုင်းဘတ်ငွေ ၁၈ ဒသမ ၅ သန်းထုတ်ရောင်းထားပြီး ပြင်ပဈေးကွက်တွင်မူ တက်ဈေးအမြင့်တွင်ရှိနေဆဲဖြစ်သည်။ တစ်ဘတ်လျှင် ၁၀၀ ကျပ် ဖြင့် ဈေးအမြင့်တွင် ငြိမ်နေကြောင်းသိရသည်။

ဇန်နဝါရီ ၁၆ ရက်နေ့တွင် ထိုင်းတစ်ဘတ် ၉၉ ကျပ်ရှိရာ ဇန်နဝါရီ ၃၁ ရက်နေ့တွင်လည်း ထိုင်းတစ်ဘတ် ကျပ် ၁၀၀ ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

#ပြည်တွင်းရွှေနှုန်း

ကမ္ဘာရွှေဈေးနှုန်း ပုံမှန်ရှိနေချိန်တွင် ပြည်တွင်းရွှေဈေးနှုန်းက လျင်မြန်စွာလိုက်ပါ မြင့်တက်နေသည်။ ယခုနှစ်ပတ်အတွင်း အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သား ဈေးနှုန်းသည် ကျပ်နှစ်သိန်းကျော်မြင့် တက်လာကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

“ ရွှေဈေးက တအားတက်သွားတာတောင် အခုအခြေအနေတွေအရ ထပ်တက်မှာတဲ့။ အခု ရွှေအတုံး ဝယ်လို့မရဘူး ရောင်းရင်ရတယ်။ အတုံးမရဘူး အထည်ပဲရတယ်။ ဈေးအမျိုးမျိုးပဲ။ အတုံးတောင် မှာထားမှ ရတယ်။ ရတဲ့အချိန်ပေါက်ဈေးပဲ” ဟု ရွှေနှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဇန်နဝါရီ ၁ ရက်နေ့တွင် အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃,၇၈၀,၀၀၀ သိန်း ရှိရာမှ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ကျပ် ၃,၉၀၀,၀၀၀ သိန်းရှိကြောင်းရွှေဆိုင်များထံမှ သိရသည်။

#ပြည်တွင်းစက်သုံးဆီဈေးနှုန်း

လက်ရှိပြည်တွင်း စက်သုံးဆီဈေးနှုန်းသည် ဈေးနှုန်းအမြင့်တွင်သာ တည်ငြိမ်နေသည်။ ယခုသီတင်း နှစ်ပတ်အတွင်း စက်သုံးဆီတစ်လီတာလျှင် ကျပ် ၂၀၀ နီးပါး မြင့်တက် သွားသည်။

ထို့ပြင် မနက်ပိုင်းတွင် စက်သုံးဆီအမျိုးအစား အားလုံးပုံမှန်ရရနိုင်ပြီး ညနေပိုင်းတွင်မူ တစ်မျိုးမဟုတ် တစ်မျိုးပြတ်လပ်မှု ရှိကြောင်း မော်တော်ယာဉ်မောင်းများထံက သိရသည်။

“အခုရက်ပိုင်းတော့ ဆီလိုသလောက်ရနေတယ်။ ဈေးတက်ချိန်ဆိုရင်။ ဘယ်ချိန်ပြတ်ဦး မလဲတော့မသိဘူး။ ဈေးကတော့ ခရီးသည်ဆီက တိုးတောင်းရင် လိုက်မဲ့သူမရှိတော့ဘူးး။ ကားတစ်ခါငှားရရင် ဆီထည့်ပြန်ကုန်နဲ့ အုံနာကြေးပေးဖို့တောင် မလောက်ဘူး။ ဒီလိုပဲလုပ်နေရတယ်” ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ဆိုသည်။

ဇန်နဝါရီ ၃၁ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ကျပ် ၂၇၀၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ကျပ် ၂၈၄၅ ၊ ပရီမီယံဒီဇယ် ၂၅၃၀ ကျပ်နှင့် ဒီဇယ် ၂၄၅၀ ကျပ်ရှိကြောင်းသိရသည်။

ဇန်နဝါရီ ၁၆ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၂၅၁၅ ကျပ်၊ ၉၅ တစ်လီတာ ၂၆၂၅ ကျပ်၊ ပရီမီယံဒီဇယ် ၂၄၄၀ ကျပ်နှင့် ဒီဇယ် ၂၃၆၀ ကျပ်ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန်းဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ ထုတ်ပြန်ချက် အရသိရသည်။

#အခြေခံစားသောက်ကုန်ဈေးနှုန်း

လက်ရှိ အခြေခံစားသောက်ကုန်ဈေးကွက်တွင် ဆန်စပါးဈေးနှင့် လူသုံးကုန် ပစ္စည်းများဈေးတက်နေပြီး စိုက်ပျိုးသီးနှံထွက်ပေါ်ချိန်ရောက်သဖြင့် စားဖိုဆောင် သီးနှံဈေးကျကြောင်းသိရသည်။

ထို့ပြင်စစ်ကောင်စီက လူသုံးကုန်နှင့်ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာကိစ္စရပ်များအတွက် ဒေါ်လာ၊ ယွမ်နှင့် ထိုင်းဘတ် တို့ကို ရောင်းချပေးကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

တရုတ်ပစ္စည်းများ အဓိကသွင်းရာလမ်းကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်အပါအဝင် ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရှိ နယ်စပ်ကုန်သွယ်ရေး စခန်းများပိတ်ထားရဆဲဖြစ်သည်။

ပြင်ပသွင်းကုန် လူသုံးကုန်ပစ္စည်းများနှင့် ကုန်ကြမ်းများတင်သွင်းမှု ကြန့်ကြာခြင်းကြောင့် ကုန်ထုတ်လုပ် လုပ်ငန်းတချို့ ရပ်ထားရကြောင်းသိရသည်။

“ လူသုံးကုန်ဖြစ်တဲ့ သွားတိုက်ဆေး၊ ဆပ်ပြာ၊ tissue ၊ ဆေးလိပ်တို့ ဈေးအတော် တက်သွားတယ်။ ဆေးလိပ်ဆိုပြည်တွင်းထုတ်ပဲ အဲဒါကိုဈေးအတော်တက်သွားတယ်။ နောက်တရုတ်ပြည်က ဝင်တဲ့မုန်တွေတက်တယ်၊ ဒါတွေကအရင်ကတည်းတက်တယ်။ အခုက ပိုတက်သွားတာ ” ဟု ကုန်မျိုးစုံရောင်းချသူတစ်ဦးက ပြောကြားသည်။

လက်ရှိ ဆန်အရောင်းအဝယ် ဈေးကွက်တွင် ဆန်အဟောင်းရှားလာ၍ ဆန်သစ် အများအပြားဝင် ရောက်လာကာ ဆန်အသစ်ဝယ်ယူသူ များလာကြောင်း လက်လီ လက်ကား ဆန်ရောင်းချသူများထံက သိရသည်။

ယခုနှစ်သီတင်းနှစ်ပတ်အတွင်းဆန်ဈေးမြင့်တက်ပြီး ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀၀ မှ ၈၀၀၀ ကျပ်ကြားဈေးတက်ကြောင်း ဆန်ဈေးကွက်အတွင်းက သိရသည်။

“ဆန်ဈေးတက်ပေမဲ့ ဒီကြားထဲ ဈေးထိန်းရောင်းပေးတယ်။ ဆန်အသစ်ပဲ ဝယ်သူ များလာပြီ” ဟု ဆန်ရောင်းသူတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောသည်။

ရွှေဘိုအိုးဝင်အသစ် တစ်အိတ် ၁၅၂,၀၀၀ ကျပ်၊ ကျားပျံအသစ် ၁၃၆,၀၀၀ ကျပ်၊ တောင်ပျံအသစ် ၁၃၀,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမွှေးအသစ် ၁၂၄,၀၀၀ ကျပ်၊ ပေါ်ဆန်းရိုးရိုးအသစ် ၁၀၅,၀၀၀ ကျပ်၊ ရက် ၉၀ အသစ် ၉၇၀၀၀ ကျပ်၊ ဆင်းသုခအသစ် ၈၆၀၀၀ ကျပ်ရှိကြောင်း လက်လီလက်ကားဆန်ဆိုင်မှသိရသည်။

ထို့ပြင်စားသုံးဆီဈေးနှုန်းတွင် စစ်ကောင်စီသတ်မှတ်ဈေးအဖြစ် ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်နေ့အထိ ရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၅၃၈၀ ကျပ်ဖြစ်ပြီး ယခုသီတင်းနှစ်ပတ်တွင် ပြည်တွင်းသုံးစွဲမှုများသော စားအုန်းဆီဈေး ကျပ် ၃၀၀ ခန့်မြင့်တက်လာသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အပါအဝင် စားအုန်းဆီ တင်သွင်းသည့် ကုမ္ပဏီပူးပေါင်းပြီး စစ်ကောင်စီသတ်မှတ်ဈေးနှုန်းဖြင့် စားအုန်းဆီ ရောင်းချရာနေရာများတွင်ပြည်သူများ တန်းစီးတိုးဝယ်နေရသည်။

ထို့ပြင် စားဖိုဆောင်သီးနှံဈေးနှုန်းများတွင် ဆောင်းရာသီဖြစ်၍ ဟင်းသီးဟင်းရွက်များ ဈေးသက်သာပြီး ကြက်သွန်နီဈေး တစ်ထောင်ကျပ်နှင့် အာလူးငါးရာကျပ် ဈေးကျဆင်း သွားကြောင်းသိရသည်။

ကြက်သွန်နီ တစ်ပိဿာ ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ ( ဗမာဥ)တစ်ပိဿာ ကျပ် ၁၈၀၀၀ ၊ ကြက်သွန်ဖြူ(ရှမ်းဥ) တစ်ပိဿာ ၁၅၀၀၀ ကျပ်၊ အာလူးတစ်ပိဿာလျှင် ၃၅၀၀ ကျပ်ရှိကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ စျေးနှုန်းများဖြစ်ပါသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *