အံပေါင်းထုပ်အဖြူလေးတွေ ပို့လိုက်တာတွေပြည့်တယ်နော်(ရုပ်သံ)

ဘီးလင်းရှိ ဝင်းတာပန်စခန်း လေကြောင်းမှ လာပို့သည့် လက်နက်ခဲယမ်းထုပ် KNU ပူးပေါင်းတပ် ထပ်မံရရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ဘီးလင်းမြို့နယ် ဝင်းတာပန်ရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီစခန်းသို့ လေကြောင်းမှ ရိက္ခာနှင့်ခဲယမ်း ထုပ်အချို့လာပိုရာ KNU ပူးပေါင်းတပ်က ရိက္ခာနှင့် ခဲယမ်းထုပ်အချို့ကို ယခုရက်ပိုင်း ထပ်မံရရှိခဲ့သည်။

Salween Pressက ယနေ့ ဖော်ပြသည့် လက်နက်ခဲယမ်းထုပ်ရရှိမှု ရုပ်သံတွင် တော်လှန်ရေးရဲဘော်များက စစ်ကောင်စီထံမှရရှိသည့် ရိက္ခာခဲယမ်းထုတ်ပါ ကျည်များနှင့် စားနပ်ရိက္ခာများကို စိစစ်နေသည်ကို တွေ့ရပြီး ကျည်ဆံများထည့်လာသည့် ဗုံးပြာတစ်ခုအတွင်း၌ ကျည်ဆံ ၂၀၀၀ တောင့် ပါဝင်ကြောင်းရေတွ့နေသံကို ကြားရသည်။

“စစ်ခွေးပျက်ပြေး ၂၄ပါခင်ဗျား၊ စစ်ဆေး (ကျည်ဆံများ စစ်ဆေး)ပြီးပါပြီ၊ ဟိုက အံပေါင်းထုပ်အဖြူလေးတွေ ဖောက်လိုက်ပါအုံး ၊ အထဲမှာ လက်မှတ်ပါတယ်။ စစ်ဆေးပီး လက်မှတ်ထိုးထားတာ၊ အေး တို့လည်း စစ်ဆေးပေးတယ်ကွ၊ အေးပြည့်တယ် ပြည့်တယ် ညီလေး ပြည့်တယ်နော်၊ ကျနော်တို့လည်း အခုလိုက် ကောက်ရတာ ဗိုက်စာလို့” စသည့် တော်လှန်ရေးရဲဘော်များက စစ်ကောင်စီထံမှ ရရှိသည့် အထုပ်အား ဖွင့်ဖောက်စစ်ဆေးနေစဉ် အချင်းချင်း နောက်ပြောင်ပြောဆိုနေသည်ကို ကြားရသည်။ ထိုသို့ စစ်ဆေးနေစဉ် ပစ်ခတ်သံအချို့ကိုလည်း ကြားရသည်။

နောက်ထပ် ဖော်ပြထားသည့် ရုပ်သံဖိုင်တွင်လည်း စစ်ကောင်စီထံမှ ရရှိသည့် အထုပ်များအတွင်း စားစရာပစ္စည်းများစွာ ပါဝင်သည်ကိုတွေ့ရသည်။

စစ်ကောင်စီအနေဖြင့် ဝင်းတာပန်စခန်းကို မြေပြင်မှ ရိက္ခာ ၊ ခဲယမ်းဖြည့်တင်းနိုင်ခြင်းမရှိ၍ လေကြောင်းမှ ထောက်ပံ့မှု လုပ်ဆောင်နေရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃ရက်ကလည်း စစ်ကောင်စီမှ လေယာဥ်ဖြင့် ဝင်းတာပန်စခန်းတွက် ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် ဆေးဝါး အထုပ် (၁၂)ထုပ် ပစ်ချပေးခဲ့ရာ အထုပ် ၅ထုပ်ကို KNLA/KNDOနှင့် ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့ဝင်များက ရယူနိုင်ခဲ့ကြောင်း KNUက အသိပေးထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *