အရွယ်မရောက်သေးတဲ့ခလေးလေးတွေပါကွာ

ကရင်နီပြည်မှာ စာသင်နေတဲ့ ကလေးငယ်တွေကို ဗုံးကျဲခဲ့တဲ့ အကြမ်းဖက်စစ်တပ်ကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက လက်ပိုက်ကြည့်မနေဘဲ အမြန်ဆုံးအရေးယူဖို့ တောင်းဆို++++++++++++++ဖေဖော်ဝါရီ ၆ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါဆီးအီကျေးရွာက စာသင်ကျောင်းနဲ့ လွိုင်နန်းဖကျေးရွာက စာသင်ကျောင်းများကို အကြမ်းဖက်စစ်တပ်ဟာ မနေ့က လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၄ ဦး နဲ့ အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး မြန်မာစစ်တပ်ကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက လက်ပိုက်ကြည့်မနေဘဲ အမြန်ဆုံးအရေးယူဖို့ ကရင်နီပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီ – IEC က တောင်းဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်နဲ့ နံနက် ၁၁ နာရီ မိနစ် ၂၀ တို့မှာ ဒီးမော့ဆိုမြို့နယ်၊ ဒေါဆီးအီးကျေးရွာရှိ စာသင်ကျောင်းနဲ့ လွိုင်နန်းဖကျေးရွာရှိ စာသင်ကျောင်း အနီးအနားတဝိုက်ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းနဲ့ ၁၀ ကြိမ် တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့သလို တစ်ချိန်တည်းမှာပဲ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်က အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများက လက်နက်ကြီးများနဲ့ ၆ ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဒေါဆီးအီကျေးရွာ စာသင်ကျောင်းမှာ အေးချမ်းစွာ ပညာသင်ကြားနေတဲ့ အသက် (၁၃ ) နှစ်အရွယ် ဝန်းကျင် အလယ်တန်းကျောင်းသား (၄) ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး မူကြိုအရွယ် ကလေးငယ် (၁) ဦး အပါအဝင် ကလေးငယ် စုစုပေါင်း(၁၄) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် လွိုင်နန်းဖကျေးရွာက စာသင်ကျောင်းကို စစ်တပ်က တိုက်ခိုက်ခဲ့မှုကြောင့် ဆရာ၊ ဆရာမ (၂) ဦးနဲ့ ကျေးရွာသူ ရွာသား(၅)ဦး ဒဏ်ရာရရှိပြီး သက်ကြီးပိုင်းအမျိုးသား(၁)ဦး သေဆုံးခဲ့တဲ့အပြင် ကျောင်းအဆောက်အဦး (၆) လုံး ၊ ခရစ်ယာန် ဘုရားကျောင်း (၁) ကျောင်း ၊ လူနေအိမ် (၅) လုံး နဲ့ ကား (၁) စီး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အခုလို ကလေးငယ်တွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ကောင်စီကို ကုလသမဂ္ဂ နဲ့ နိုင်ငံတကာက လက်ပိုက်ကြည့်မနေဘဲ အမြန်ဆုံးဝိုင်းဝန်းအရေးယူဖို့နဲ့ အကြမ်းဖက် စစ်ကောင်စီ က အရပ်သားပြည်သူ နဲ့ အပြစ်မဲ့ကလေးသူငယ်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တာကို လက်သင့်ခံနိုင်ဖွယ်မရှိဘဲ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း IEC က ထုတ်ပြန်ထားပါတယ်။ လူနည်းစုတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ရာဇဝတ်မှုနဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေ ဆိုးဆိုးဝါးဝါး ချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်တပ်ကို NUG အစိုးရနဲ့ ကမ္ဘာ့ကုလသမဂ္ဂတို့ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက လက်ပိုက်ကြည့်မနေဘဲ အမြန်ဆုံး ဝိုင်းဝန်း အရေးယူဆောင်ရွက်ဖို့ IEC က တောင်းဆိုထားပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာ နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေ နဲ့ ဓလေ့ထုံးတမ်းဥပဒေများအပေါ် ဆိုးဝါးတဲ့ ချိုးဖောက်မှုဖြစ်ပြီး ရောမသဘောတူစာချုပ် (Rome Statue) အရ စစ်ရာဇဝတ်မှုမြောက်သလို ရက်စက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ IEC က ဖော်ပြထားပါတယ်။ ဒါ့အပြင် ကလေးသူငယ်များအခွင့်အရေးဆိုင်ရာသဘောတူစာချုပ် (Convention on the Rights of the Child – CRC) အရ “ကလေးတိုင်းတွင် ပင်ကိုယ်ဗီဇအဖြစ် အသက်ရှင် နေထိုင်ခွင့်ရှိသည်”ဆိုတဲ့ အချက်နဲ့ ဂျီနီဗာ သဘောတူညီချက်များကိုလည်း အကြမ်းဖက်စစ်ကောင်စီက အလေးမထားဘဲ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်တယ်လို့ IEC က ဆိုပါတယ်။

ဒီမော့ဆိုမြို့နယ်က စာသင်ကျောင်းတွေကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့ မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာအရေးနဲ့ပတ်သက်တဲ့ တံခါးပိတ် အစည်းအဝေး တစ်ရပ်ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာစစ်တပ်အနေနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်သတ်ဖြတ်တာတွေ ချက်ချင်းရပ်ဖို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *