ကောလင်းမှာခဝေးတွေယုတ်မာနေကြပြီး ဘေးကင်းကြပါစေ

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော ကောလင်းမြို့ကို စစ်တပ်က စစ်ကြောင်း ၅ ခု၊ အင်အား ၈၀၀ ကျော်ဖြင့် ထိုးစစ်ဆင်နေပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ၊ တိုက်ပွဲများ အပြင်းအထန်ဖြစ်နေ ရန်ကုန်၊ ဖေဖော်ဝါရီ ၆ တော်လှန်ရေးတပ်များက သိမ်းပိုက်ထားသော စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်တပ်က စစ်ကြောင်း ၅ ခု အင်အား ၈၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာပြီး စစ်ကြောင်းဖြတ်သန်းရာ လမ်းတလျှောက်မှ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေကြောင်း Kawlin Revolution -KR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့မှစတင်၍ စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့် ကောလင်းမြို့နယ် တောင်ဘက်နှင့် မြောက်ဘက်ကို ထိုးစစ်ဆင်လာကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၅ ရက်နေ့တို့တွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ ယနေ့တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း သိရှိရသည်။ စစ်ကောင်စီတပ်များက ယနေ့နံနက် ၇ နာရီအချိန် ကောလင်းမြို့နယ် ဝါးရုံခုံကျေးရွာမှ ဇီးခုံကျေးရွာသို့ ရောက်ရှိလာပြီး ဇီးခုံကျေးရွာကို မီးရှို့ ဖျက်ဆီးနေကြောင်း ၊ ယနေ့ နံနက်အစောပိုင်းတွင် ဇီးခုံကျေးရွာအနီးတွင် တိုက်ပွဲ တစ်ကြိမ်၊ ကောလင်းအနောက် ညောင်ပင်သာရွာနှင့်ကျောက်ကာရွာအကြားတွင် တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားကြောင်း၊ စစ်တပ်ဘက်က အထိနာသဖြင့် ဆီဆုံကျေးရွာကို မီးရှို့နေကြောင်း သိရှိရသည်။ ကောလင်းမြောက်ဘက်၊ အောင်ချမ်းသာကျေးရွာနှင့် ပေကုန်းကျေးရွာသို့ ဝန်းသိုတပ်မှ ကား ၂ စီးဖြင့် စစ်အင်အားအများအပြား ဖြည့်တင်းလာကြောင်း ၊ တိုက်ပွဲများမှာ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရှိရသည်။ “ကောလင်းကို စစ်အင်အား ၈၀၀ ကျော်၊ စစ်ကြောင်း ၅ ကြောင်းနဲ့ ထိုးစစ်ဆင်နေတာ။ ​ကိုးတောင်ဘို့မှထွက်လာသော ကောလင်းတောင်ဘက် လှည်းပွဲရွာတွင်စစ်ကြောင်းတစ်ကြောင်း၊ ကိုးတောင်ဘို့မှထွက်လာသော စစ်ကြောင်း၊ နောက်တစ်ကြောင်းက ဆီဆုံ၊ သရက်ခုံကနေ ထွက်လာတာ။ ဝန်းသိုခမရ ၁၂၀က ထွက်လာတဲ့ စစ်ကြောင်းတစ်ကြောင်း၊ ဝန်းသို ဇီးဖြူပင်ရွာမှ စစ် ကြောင်းတစ်ကြောင်း စုစုပေါင်း စစ်ကြောင်း ၅ ကြောင်းနဲ့ ထွက်ပြီး တိုက်နေတယ်” ဟု ကောလင်းဒေသသတင်းရင်းမြစ်က ရှင်းပြသည်။ ဓာတ်ပုံ- တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော ကောလင်းမြို့။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *