$ရှက်မရှိပြောရဲလိုက်တာ ယူအီးစီရယ်

စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲသည် သာမန်နှင့်မတူဘဲ ဂုဏ်သိက္ခာကို ပြန်ဆယ်တင် ခြင်းဟု UEC ဥက္ကဋ္ဌသစ်ပြော

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်

ဖေဖော်ဝါရီ ၆ ရက်

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြန်လည်ကျင်းပရန် ရည်ရွယ်ထားသော ရွေးကောက်ပွဲသည် သာမန်နှင့်မတူဘဲ ၂၀၂၀ ပြည့်နှစ်တွင် အမည်ပျက်သိက္ခာကျခဲ့ရသော ရွေးကောက်ပွဲ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်သည့် ရွေးကောက်ပွဲဖြစ်ကြောင်း စစ်ကောင်စီက ပြောင်းလဲခန့်အပ်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌသစ် ဦးကိုကိုက ပြောကြားသည်။

စစ်ကောင်စီက ပြောင်းလဲခန့်အပ်လိုက်သည့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌသစ် ဦးကိုကိုသည် ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်က ကော်မရှင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများကို တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောဆိုခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာများအရ သိရသည်။

ထို့အပြင် မဲဆန္ဒရှင်များနှင့် နိုင်ငံရေးပါတီများ၏ ယုံကြည်မှုကို ပြန်လည်ရယူရမည့် ရွေးကောက်ပွဲဖြစ်ခြင်းကြောင့် သမိုင်းတင်ရမည့် ရွေးကောက်ပွဲဖြစ်သလို ရပ်ကွက်နှင့် ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအပြင် အချိန်တန်သည့်အခါ အများယုံကြည်လေးစားသည့် ပုဂ္ဂိုလ်များ ကိုလည်း စိစစ်ဖွဲ့စည်းရန်၊ လေ့ကျင့်ပညာပေးရန် လုပ်ဆောင်သွားရမည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီသည် ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌ အငြိမ်းစား စစ်ဥပဒေချုပ်ဖြစ်သည့် ဦးသိန်းစိုးကို ကျန်းမာရေးကြောင့်ဟုဆိုကာ ဇန်နဝါရီ ၃၁ ရက်က ရာထူးမှ ဖယ်ရှားခဲ့ပြီး ၎င်း၏နေရာတွင် ဦးကိုကိုအား အစားထိုး ခန့်အပ်ခဲ့ခြင်း ဖြစ်ကာ ယခုတွေ့ဆုံမှုသည် UEC ဥက္ကဋ္ဌသစ်၏ ပထမဆုံးတွေ့ဆုံမှု ဖြစ်သည်။

“ရွေးကောက်ပွဲရဲ့ အသက်ဟာ မဲစာရင်းဖြစ်တယ်။ မဲစာရင်းမှန်ကန်ဖို့အတွက် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံက ပေးပို့လာတဲ့ ပုံစံ(၆၆/၆)ပါ စာရင်းတွေကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ရရှိလာတဲ့ မြေပြင်စာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးဖို့လိုတယ်။ ကွန်ပျူတာထည့်သွင်းတဲ့ လုပ်ငန်းတွေကိုလည်း အမှား အယွင်းမရှိအောင် လုပ်ဆောင်ကြဖို့ လိုအပ်တယ်” ဟု UEC ဥက္ကဋ္ဌသစ် ဦးကိုကိုက ဆိုသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော် အာဏာကို မတရား သဖြင့် သိမ်းယူခဲ့ပြီးနောက် ရွေးကောက်ပွဲ ပြန်လည်ကျင်းပမည်ဟု ထပ်တလဲလဲ ပြောဆိုနေသော်လည်း ၎င်းဦးဆောင်မည့် ရွေးကောက်ပွဲ အပေါ် ယုံကြည်မှုမရှိကြောင်း ပြည်တွင်းရှိ အင်အားကြီး နိုင်ငံရေးအင်အားစုများအပြင် နိုင်ငံတကာ အသိုင်းအဝိုင်းက ထုတ်ဖော်ပြောဆိုထားသည်။

ယင်းအပြင် မြန်မာပြည်၏ ပြည်တွင်းစစ် အခြေအနေနှင့်အတူ နိုင်ငံရေး အခြေ အနေများအရ ရွေးကောက်ပွဲ ကျင်းပရန် မဖြစ်နိုင်ဟု လေ့လာသူများကလည်း ထောက်ပြထားသည်။

စစ်ခေါင်းဆောင်က လက်ရှိအချိန်ထိ ၎င်းတို့ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲ ကာလကို မသတ်မှတ်နိုင်သေးသော်လည်း ၎င်းကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ပါ ပြဋ္ဌာန်းချက်တချို့ကို တစ်နှစ်အကြာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်တွင် ဖြေလျော့ပေးခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေပြီး ၁၀ နှစ်တစ်ခါ ပုံမှန်ကောက်ယူရသည့် ပြည်လုံးကျွတ် သန်းခေါင်းစာရင်း ကိုလည်း ယခုနှစ်တွင် ကောက်ယူမည်ဟု ဆိုကာ ထိုအတွက် ၎င်းတို့ထိန်းချုပ်ရာ ဒေသအချို့တွင် အကြိုကောက်ယူမှုများ ပြုလုပ်ခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က စစ်ခေါင်းဆောင် ပြင်ဆင်ပြဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ သစ်အရ နိုင်ငံရေးပါတီ ၃၉ ပါတီကို မှတ်ပုံတင် ခွင့်ပြုထားကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *