၂လအတွင်း၅မြို့ဆို့အောက်

ရက္ခိုင့်တပ်တော်က ၂ လကျော်တိုက်ပွဲအတွင်း မြို့ ၅ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထား

(နောက်ထပ် မြို့ ၃ မြို့လည်း AA လက်ထဲကျရောက်ရန်အခြေအနေရှိနေ)

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၇/၂၀၂၄

ရက္ခိုင့်တပ်တော် (AA) သည် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့သည့် ရခိုင်တိုက်ပွဲ (၂) လကျော်အတွင်း မြို့ (၅) မြို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

သိမ်းပိုက်နိုင်ခဲ့သည့် မြို့များမှာ ပလက်၀၊ ဆမီး၊ ပေါက်တော၊ မင်းပြားနှင့် တောင်ပြို(လက်ဝဲ) မြို့တို့ဖြစ်ကြသည်။

နောက်ထပ် သိမ်းပိုက်ရန် တိုက်စစ်ဆင်နေသည့် မြို့များမှာ မြောက်ဦး၊ ကျောက်တော်နှင့် ရမ်းဗြဲမြို့တို့ ဖြစ်ပြီး အဆိုပါ မြို့များလည်း များမကြာမီ ရက္ခိုင့်တပ်တော် လက်ထဲ ကျရောက်သွားရန် အခြေအနေရှိနေသည်ဟု သိရသည်။

ရက္ခိုင့်တပ်တော်သည် ပလက်၀မြို့ကို ဇန်နဝါရီ ၁၄ ရက်နေ့ကလည်းကောင်း၊ ဆမီးမြို့ကို ဇန်နဝါရီ ၁၆ ရက်နေ့ကလည်းကောင်း၊ ပေါက်တောမြို့ကို ဇန်နဝါရီ ၁၉ ရက်နေ့ လည်းကောင်း၊၊ မင်းပြားနှင့် တောင်ပြို (လက်ဝဲ)မြို့ကို ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်းကောင်း အသီးသီးသိမ်းပိုက်ခဲ့သည်။

ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရန် လက်ရှိ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် မြို့ (၃) မြို့မှာ ကျောက်တော်၊ မြောက်ဦးနှင့် ရမ်းဗြဲမြို့တိုဖြစ်ကြပြီး များမကြာမီ ၎င်းမြို့များကိုလည်းသိမ်းပိုက်ရန် နီးကပ်နေပြီဖြစ်ကြောင်း ဒေသအတွင်း စစ်ရေးအခြေအနေများကို လေ့လာသုံးသပ်နေသူများက ပြောဆိုသည်။

ရခိုင်ရှေးဟောင်းမင်းနေမြို့တော် မြောက်ဦးတွင် ခမရ (၅၄၀) နှင့် ခမရ (၃၇၈) တပ်ရင်းအား ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်သဖြင့် ဆက်လက်သိမ်းပိုက်ရန် ခမရ (၃၇၇) တပ်ရင်း တစ်ခုသာကျန်ရှိပြီး များမကြာမီ သိမ်းပိုက်နိုင်တော့မည်ဟု သိရသည်။

ကျောက်တော်မြို့နယ် အခြေစိုက် တပ်ရင်း ၄ ရင်း ဖြစ်ကြသည့် ခမရ (၅၃၉)၊ အမြောက်တပ်ရင်း အမတ(၃၇၇)၊ ခမရ (၃၇၄)နှင့် ခမရ (၃၇၆) တပ်ရင်းတို့ကို ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်ထားပြီဖြစ်ပြီး ကျန်ရှိနေသေးသည့် စကခ (၉)နှင့် ခမရ (၃၇၅) တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး များကြာမီသိမ်းပိုက်ရန် အခြေအနေရှိနေသည်ဟု သိရသည်။

ရမ်းဗြဲမြို့တွင်လည်း စစ်ကောင်စီအင်အားအနည်းငယ်သာကျန်ရှိတော့သည်ဟု သိရသည်။

ရက္ခိုင့်တပ်တော်သည် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့သည့် ရခိုင်စစ်ပွဲအတွင်း စစ်ကောင်စီ ဗျူဟာကုန်းများ၊ စစ်စခန်းပေါင်း ၂၀၀ နီးပါးခန့်ကို သိမ်းပိုက်ထားပြီး ထိုအထဲတွင် စခန်းကြီးများဖြစ်ကြသည့် ဗျူဟာကုန်းများ၊ တပ်ရင်းများ အများအပြားပါဝင်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *