အောင်ဇေယျရွာ ဒုတိယအကြိမ်ရုပ်သံအက်ရှက်

တမူး အောင်ဇေယျရွာကို ဒုတိယအကြိမ် တိုက်ခိုက် သိမ်းပိုက်၊

စစ်အုပ်စု လေးလောင်း ရပြီး တချို့ ဟုမ္မလင်းမြို့ဘက် ထွက်ပြေး၊

ကိုသူ/MFP၊ ဖေဖေါ်ဝါရီ – ၁၁

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ အောင်ဇေယျကျေးရွာ စစ်အုပ်စု စခန်းကို ဖေဖော်ဝါရီ(၉)ရက်နဲ့ (၁၀)ရက်က ဒုတိယအကြိမ် စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲရာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အုပ်စု လေးယောက် သေတယ်လို့ ကူကီး အမျိုးသားတပ်မတော် (KNA -Burma) ပြန်ကြားရေး တာ၀န်ခံ ကိုဖရန့်ဆစ် (Francis) က ပြောပါတယ်။

တမူးမြို့နယ်၊ အောင်ဇေယျကျေးရွာ စစ်အုပ်စု စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာက ပထမအကြိမ် စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ပြီးနောက် စစ်အုပ်စုက ပြန်လည် နေရာယူ တပ်စွဲထားလို့ ယခု ဒုတိယအကြိမ် စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တာ ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်အုပ်စု လေးယောက် သေကာ တချို့က ဟုမ္မလင်းမြို့ဘက် ထွက်‌ပြေးသွားတယ်‌လို့ ဆိုပါတယ်။

လက်ရှိမှာ အောင်ဇေယျရွာ စစ်အုပ်စု စခန်းကို တော်လှန်ရေး တပ်တွေက အလုံးစုံ သိမ်းပိုက် ထိန်းချုပ်ထားတယ်လို့ ကူကီး အမျိုးသားတပ်မတော် – KNA -Burma ပြန်ကြားရေးတာ၀န်ခံ ကိုဖရန့်ဆစ်က ပြောပါတယ်။

“ဟုတ်ကဲ့ ကျွန်တော်တို့ ပူပေါင်း စစ်ဆင်ရေးအနေနဲ့ ဖေဖေါ်ဝါရီ(၉)ရက် ညနေပိုင်း(၃)နာရီခွဲ ဝန်းကျင်လောက်မှာ တမူးခရိုင်၊ တမူးမြို့နယ် အထက်ပိုင်းရှိ အောင်ဇေယျ တပ်စခန်းကို စတင် ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲအတွင်းမှာ ရန်သူဖက်မှ လေးဦး ကျဆုံးပြီး ကျွန်တော်တို့ ဘက်ကတော့ အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိကာ မစိုးရိမ်ရ အခြေနေပါ။ ဖေဖေါ်ဝါရီ(၁၀)ရက် ညပိုင်(၁၀)နာရီခွဲ ဝန်းကျင်မှာတော့ အောင်ဇေယျ တပ်စခန်းကို အပြီးတိုင် ပြန်လည် သိမ်းပိုက် ရရှိခဲ့ပါတယ်” လို့ ကိုဖရန်စစ်က ပြောပါတယ်။

အောင်ဇေယျရွာ စစ်အုပ်စုစခန်းကို ၂၀၂၃ ဒီဇင်ဘာ (၇)ရက်ကနေ (၁၀)ရက်အထိ ပထမအကြိမ် ခန်းသိမ်းတိုက်ပွဲ ဆင်နွှဲကာ သိမ်းပိုက်ခဲ့ပါတယ်။ ပထမအကြိမ် စခန်းသိမ်းတိုက်ပွဲကို အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ ကာကွယ်ရေး ၀န်ကြီးဌာန(MOD)၊ အမှတ်(၁)‌စစ်ဒေသ ကွပ်ကဲမှုနဲ့ တော်လှန်ရေး တပ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်အုပ်စုနဲ့ ပူးပေါင်းတယ်လို့ ယူဆရသူ သတင်းပေး ခြောက်ဦး ဖမ်းမိတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ဒီဇင်ဘာ(၁၁)ရက်မှာ စစ်အုပ်စုက အောင်ဇေယျရွာကို လေကြောင်း ဗုံးကြဲလို့ တော်လှန်ရေး တပ်တွေ စခန်းကို စွန့်ခွာခဲ့ချိန် စစ်အုပ်စုက ပြန်လည် နေရာယူ တပ်စွဲခဲ့ပြီး ယခုအခါ ဒုတိယအကြိမ် စခန်းသိမ်းတာလို့ ကိုဖရန်ဆစ်က ရှင်းပြပါတယ်။

“ကျနော်တို့က စကစဘက်က စစ်ကြောင်း ထိုးတာ မဟုတ်ပါဘူး။ ကျနော်တို့ဘက်က စစ်ကြောင်းထိုးတာ၊ ဒီတစ်ခေါက် အောင်ဇေယျကို သိမ်းပိုက်ထားပြီးပြီ။ သို့သော်လည်း ကျနော်တို့ အထိုင်မချနိုင်တဲ့ အခါကြတော့ စကစက ပြန်ပြီးတော့ ၀င်စီးတာ။ ကျနော်တို့ စခန်းပြန်ပေးလိုက်ရတယ်ပေါ့။ (၉)ရက်နေကမှ ကျနော်တို့ ပြန်ပြီးတော့ စစ်ကြောင်း ပြန်ထိုးတာပါ”

လက်ရှိမှာ တိုက်ပွဲ‌တွေကြောင့် အောင်ဇေယျကျေးရွာ အပါအ၀င် ဖိုင်လင်း၊ စေတီ စတဲ့ တမူးနဲ့ ဟုမ္မလင်းနယ်အစပ်၊ တမူး – ဟုမ္မလင်း ကားလမ်းတလျှောက် ကျေးရွာ(၁၀)ရွာကျော်က ဒေသခံတွေ အိန္ဒိယနိုင်ငံဘက် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ(၁၁)ရက်က ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး အပစ်အခတ် ရပ်စဲပြီးနောက် စစ်အုပ်စုက အောင်ဇေယျရွာ၊ ကောလင်းမြို့နဲ့ ရွှေပြည်‌အေးမြို့ အပါအဝင် စစ်ကိုင်းတိုင်းအတွင်းက သိမ်းပိုက်ခံ မြို့၊ရွာတွေကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *