သိက္ခာရှိရှိ အဆင့်တန်းရှိတဲ့ တ-ပ်မတော်သို့လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်(ရုပ်သံ)

BPLA က တပ်သားသစ် ခေါ်ယူနေ၊

စစ်အုပ်စုအောက် မဝင်ဘဲ လက်နက်ကိုင် တိုက်ပွဲဝင်လိုသူတွေ လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်၊

ဖေဖော်ဝါရီ – ၁၁

ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် – BPLA က တပ်သားသစ် ခေါ်ယူနေပြီး စစ်အုပ်စု လက်အောက် မဝင်ဘဲ လက်နက်ကိုင် တိုက်ပွဲဝင်လိုသူတွေ လာရောက် ပူးပေါင်းဖို့ ဖိတ်ခေါ်ကြောင်း BPLA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ရဲဘော်လင်းလင်းက ပြောပါတယ်။

နိုင်ငံတဝန်းမှာ စစ်ရှုံးပြီး အင်အားပြုန်းတီးနေတဲ့ စစ်အုပ်စုက စစ်မှုထမ်းဉပဒေကို အတည်ပြုကာ လူငယ်လူရွယ်တွေကို အတင်းအကြပ် ဖမ်းဆီး ပေါ်တာဆွဲတာ၊ စစ်ထဲဝင်ခိုင်းတာတွေ ရှိလာမှာ ဖြစ်ပြီး စစ်အုပ်စု လက်အောက် မဝင်လိုသူတွေ အနေနဲ့ BPLA မှာ ဖြစ်စေ၊တခြားသော တော်လှန်ရေး တပ်ဖွဲ့တွေမာ ဖြစ်စေ ပူးပေါင်း ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

“ပြည်ပကို ထွက်နိုင်တဲ့သူတွေ အနေနဲ့က ထွက်ကြပေါ့ဗျာ။ ပြည်ပကို မထွက်နိုင်သူတွေ အနေနဲ့က ဒီမှာ လွတ်မြောက်ဒေသတွေ ရှိမယ်။ အဲဒီ ဒေသတွေမှာ စစ်ရှောင်အနေနဲ့ သွားရောက် နေထိုင်နိုင်ဖို့အတွက် အဲဒီက ဒေသခံတွေ၊ တာဝန်ခံ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ လိုပါတယ်။ လက်ခံခြင်း၊ လက်မခံခြင်း ဆိုတာက အဲဒီ ဒေသခံတွေရဲ့ အခြေအနေနဲ့ သဘောထားနဲ့ သက်ဆိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်က လက်နက်ကိုင်ပြီး တိုက်ပွဲဝင်လိုတယ်ဆိုရင်တော့ တော်လှန်ရေးတပ်ဖွဲ့အသီးသီးရှိတဲ့ ဒီမှာ ပူးပေါင်းပြီးတော့ တိုက်ပွဲ ဝင်လို့ ရပါတယ်။ အခုလက်ရှိမှာ ကျနောတို့ BPLA အနေနဲ့လည်း တပ်သားသစ် ခေါ်ယူနေတာ ဖြစ်ပါတယ်။ ကျနော်တို့ BPLA ကို ဝင်ရောက်လိုတယ် ဆိုရင်တော့ တပ်ရဲ့မူဝါဒတွေ၊ တပ်ဖွဲ့စည်းပုံတွေ၊ လှုပ်ရှားမှုတွေ ဒါတွေကို အရင်ဆုံး လေ့လာခဲ့စေလိုပါတယ်ဗျ”

BPLA အနေနဲ့ တပ်ရင်းတစ်ရင်းစာ၊ အင်အား(၃၀၀) တပ်သားသစ် ခေါ်ယူနေတာ တစ်လဝန်းကျင် ရှိနေပြီ ဖြစ်သလို လက်ရှိမှာလည်း ဆက်လက် ခေါ်ယူနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက စစ်မှုမထမ်းမနေရ ဉပဒေ ထုတ်ပြန်လာတဲ့ အပေါ်မှာ ရဲဘော်လင်းလင်းက အခုလို ပြောပါတယ်။

“စစ်ကောင်စီ စစ်တပ်အနေနဲ့ စစ်ရေးအရ အရေးနိမ့်လာတဲ့ ဒေသတွေ ရှိနေပြီးတော့ နေ့စဉ်နဲ့အမျှ အင်အား ပြုန်းတီးမှုတွေ ကလည်း ရှိလာတယ်။ ဒါ့ကြောင့်ပဲ စစ်မှုမထမ်းမနေရ ဆိုတဲ့ ဉပဒေကို ထုတ်ပြန်လာတယ်လို့ ထင်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီအနေနဲ့ သူတို့ အာဏာတည်မြဲဖို့ အတွက်ဆိုရင် ဘာကိုမဆို လုပ်ဖို့အတွက် အဆင်သင့် ဖြစ်နေပုံရပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဉပဒေ ထုတ်ပြန်လာတဲ့ အပေါ်မှာ ကျနော်တို့အနေနဲ့ ပြည်သူတွေ၊ အထူးသဖြင့် လူငယ်တွေကို အကြံပေးလိုတာကတော့ ကိုယ်က ဒီဉပဒေအရ စစ်သား စုဆောင်ခံရနိုင်ချေ ရှိနေလား။ ဒီအခြေအနေကို ကာကွယ်ဖို့ နည်းလမ်း ရှိနေလား။ ဒါကို အရင်ဆုံး ဆန်းစစ်ရပါတယ်။ ဒီလို အခြေအနေ မရှိနေဘူး၊ ကာကွယ်နေတဲ့ အခြေအနေ မရှိနေဘူးဆိုရင်တော့ လွတ်မြောက်ဖို့အတွက် နည်းလမ်းတွေ ရှာဖွေဖို့ လိုပါတယ်”

ဇန်နဝါရီ(၄)ရက်က ထုတ်ပြန်ထားတဲ့ BPLA ရဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ မူဝါဒ ရပ်တည်ချက် ကြေညာ စာတမ်းမှာလည်း ဗမာအများစု နေထိုင်တဲ့ အညာဒေသမှာ စိုးမိုးနယ်မြေ ရရှိဖို့နဲ့ ပြည်သူလူထုရဲ့ လူ့ဂုဏ်သိက္ခါ၊ လွတ်လပ်မှုနဲ့ လုံခြုံမှုတွေကို ကာကွယ်စောင့်ရှောက်ဖို့ ကြိုးပမ်းမယ်လို့ ဖော်ပြထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *