ရွှေပြည်အေးမြို့အမှတ်မရှိသွားစမ်းနေပြန်ဘီ(ရုပ်သံ)

ရွှေပြည်အေးမြို့ကို စစ်အုပ်စု အင်အား(၂၀၀)‌ကျော်နဲ့ တကျော့ပြန် စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်၊

ကိုသူ/MFP၊ ဖေဖေါ်ဝါရီ – ၁၁

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်က တော်လှန်ရေးတပ်တွေ တိုက်ခိုက် သိမ်းပိုက်ထားတဲ့ ရွှေပြည်အေးမြို့ကို ဖေဖော်ဝါရီ(၁၀)ရက် မနေ့က စစ်အုပ်စု အင်အား(၂၀၀)ကျော်နဲ့ ထပ်မံ စစ်ကြောင်းခိုး လာရောက် တိုက်ခိုက်တာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ မြေပြင်တိုက်ပွဲဝင် တော်လှန်ရေး ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို စစ်အုပ်စု၊ ရှမ်းနီ – SNAနဲ့ ပျူ ပူးပေါင်း အင်အား(၂၀၀)‌ကျော်နဲ့ မ‌နေ့က စလို့ တကျော့ပြန် စစ်ကြောင်းထိုးလာတာ ဖြစ်ပြီး ရဟတ်ယာဉ်နဲ့လည်း မ‌နေ့က သုံးကြိမ်၊ ဒီနေ့တစ်ကြိမ် ဗုံးကြဲ တိုက်ခိုက်တယ်လို့ ဆိုပါတယ်။

“ရွှေပြည်အေးကို (စခ)တွေ ပြန်ထိုးနေတယ်။ မနေ့က စထိုးတာ၊ အင်အား(၂၀၀)လောက် ရှိမယ်။ (MI-2)နဲ့လည်း လာချနေတာ။ မနေ့က (MI-2)နဲ့ သုံးကြိမ်၊ ဒီ‌နေ့တစ်ကြိမ်”

စစ်အုပ်စုဟာ ဇန်နဝါရီလလယ်ကလည်း ရွှေပြည်မြို့ကို ပြန်ရဖို့ အင်အားရာဂဏန်းနဲ့ လာရောက် ထိုးစစ်ဆင် တိုက်ခိုက်ပြီး ဇန်နဝါရီ(၁၃)ရက်က စတင်ကာ (၁၀)ရက်ကျော်ကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပြီးနောက် အထိနာ ထွက်ပြေးသွားခဲ့ကာ ယခု ထပ်မံပြီး အင်အားစုဆောင်းကာ လာရောက် တိုက်ခိုက်နေတာလို့ ဆိုပါတယ်.

ဇန်နဝါရီလအတွင်းက ရွှေပြည်အေးမြို့ကို ပြန်လာတိုက်ခိုက်တဲ့ စစ်အုပ်စုကို NUG ရဲ့ အမှတ်(၁) စစ်ဒေသကွပ်ကဲမှုနဲ့ စစ်ကိုင်းတိုင်း အထူး တပ်ရင်းတွေ၊ ခန္တီးခရိုင်တပ်ရင်းတွေ၊ ပကဖ တွေက တွန်းလှန် တိုက်ထုတ်ရာ စစ်အုပ်စု အထိနာ ထွက်ပြေးသွားကြောင်းနဲ့ တိုက်ပွဲအတွင်း အလောင်းနဲ့ လက်နက်တချို့ သိမ်းဆည်း ရရှိတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က ဖေဖော်ဝါရီ(၃)ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဟုမ္မလင်းနယ်၊ ချင်းတွင်းမြစ်ကမ်းနဖူးက ရွှေပြည်အေးမြို့ကို ၂၀၂၃ နိုဝင်ဘာ(၂၃)ရက်မှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဟုမ္မလင်းနယ် ရွှေပြည်အေးမြို့ အပါအ၀င် ကောလင်းမြို့၊ အင်းတော်နယ် မော်လူးမြို့၊ တမူးနယ် ခမ်းပတ်မြို့တွေကို တော်လှန်ရေး တပ်တွေက နိုဝင်ဘာက စတင်ပြီး တိုက်ခိုက် သိမ်းပိုက် ထိန်းချုပ် ထားပါတယ်။

စစ်အုပ်စုကလည်း ရွှေပြည်အေး အပါအဝင် ကောလင်းမြို့နဲ့ ခမ်းပါတ်မြို့တွေကို ပြန်ရဖို့ အင်အား အများအပြား သုံးကာ ပြန်လာ တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *