တာချီလိတ်ရှိ ကျားဖြန့်ရုံအချို့ကို စစ်ကောင်စီ
စီးနင်းမှု ဟန်ပြဟု မြို့ခံများပြော
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုသည်တာချီလိတ်မြို့ရှိ ကျားဖြန့်လုပ်ငန်းများ၌ ပါဝင်ပတ်သက်နေကြောင်းသတင်းများထွက်ပေါခဲ့ပြီးနောက် ယနေ့ နံနက်အစောပိုင်းတွင်တာချီလိတ်မြို့ရှိ ကျားဖြန့်အွန်လိုင်းလောင်းကစားရုံအချို့ကို စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းများအားဖမ်းဆီးထားကြောင်းသတင်းရရှိသည်။
“ရဲမှူးချုပ်တင်ကိုကို ကြိုပြီးကာဗာယူတာထင်တယ်။ သူဒီအတိုင်းလွှတ်ထားတဲ့ ကျားဖြန့်တွေကို ဝင်ဖမ်းနေတယ်။ ထိုင်းနိုင်ငံသားတွေကို ထိုင်းဖက်ကိုတန်းလွှဲတယ်။ မြန်မာဝန်ထမ်းတွေကို ရုံထဲမှာ ထားတယ်။ အခုအဖမ်းခံရသူတွေက ညဆိုင်းသမားတွေ။ မနက်ဆိုင်းသမားတွေကို စောင့်ဖမ်းနေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်မှ 1G1 ဟိုတယ် အနောက်ဘက်ရှိ ကျားဖြန့်အွန်လိုင်းလောင်းကစားရုံကို ဖေဖော်ဝါရီ ၂၃ ရက် နံနက် အစောပိုင်း ၁နာရီခန့်တွင် စစ်ကောင်စီ၏စစ်တပ်နှင့်ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခြင်းခဲ့ခြင်းဖြစ်သည်။ ထိုကျားဖြန့်လောင်းကစားရုံသည် တာချီလိတ်နှင့် ထိုင်းနိုင်ငံကြားရှိ မယ်ဆိုင်ချောင်းဘေး၌ ကပ်လျက်တည်ရှိသည်။
ထိုကျားဖြန့်ရုံသည် နေ့ရောညပါ ဖွင့်သောကြောင့် မနက်ပိုင်းလာရောက်မည့် ဝန်ထမ်းများ အဖမ်းမခံရစေရေးအတွက် မြို့ခံများက အချင်းချင်းသတိပေးနေသည်။
အဖမ်းခံထားရသည့် မြန်မာဝန်ထမ်းအမျိုးသမီးအချို့က ၎င်းတို့အားလာရောက်ကယ်ထုတ်ရန် ပြင်ပရှိ ဆွေမျိုးများထံ အကူအညီတောင်းထားသည့် အသံဖိုင်ကို People’s Spring က ရရှိထားသည်။ အမျိုးသားဝန်ထမ်းများကို ဖမ်းခေါ်သွားပြီး ၊အမျိုးသမီးများကို အခန်းများအတွင်း ၃၀ ဦးစီစုစေကာ ဖုန်းများကိုလည်း စစ်သားနှင့် ရဲများက လိုက်သိမ်းနေကြောင်းဖမ်းဆီးခံရသူတစ်ဦးကပြောထားသည်။
တာချီလိတ်မြို့တွင် တရုတ်၊ထိုင်းနှင့် မြန်မာနိုင်ငံသားအချို့ပိုင်သည့် ကျားဖြန့်လုပ်ငန်းလောင်းကစားရုံများ ရှိနေပြီး ယခုစီးနင်းခံရသည့်လောင်းကစားရုံသည် မြန်မာနိုင်ငံသားပိုင်ဖြစ်သည်။ လောင်းကစားရုံများအတွင်း တရုတ်နှင့်ထိုင်းနိုင်ငံသားအချို့အပါအဝင် အာရှနိုင်ငံများမှ နိုင်ငံသားအချို့ လူကုန်ကူးခံထားရပြီး ၎င်းတို့အားကယ်ထုတ်ပေးရေး အကူးအညီတောင်းထားသည့်ဖြစ်စဉ်များရှိကြောင်း ဒေသာတွင်းသတင်းရင်းမြစ်များကပြောသည်။
တရုတ်နိုင်ငံသားများကိုအထိနာစေသည့်ရှမ်းပြည်နယ်ရှိ ကျားဖြန့်လုပ်ငန်းများကို ဖယ်ရှားရှင်းလင်းမည်ဟု တရုတ်အစိုးရကထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကိုင်မြို့ရှိ ကျားဖြန့်ခေါင်းဆောင်များ ၊ ပါဝင်ပတ်သပ်နေသူများကို MNDAA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် စစ်ကောင်စီတို့ကသီးခြားစီ ဖမ်းဆီး၍ တရုတ်အစိုးရထံလွှဲပြောင်းပေးထားသည်။သို့သော်ရှမ်းမြောက်မှ ရွေ့ပြောင်းလာသော ကျားဖြန့်လုပ်ငန်းများအပါအဝင် တာချီလိတ်မြို့ရှိ ကျားဖြန့်လုပ်ငန်းများကို တရုတ်ကကိုင်တွယ်ခြင်းမရှိသေးပေ။ ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့်
မြောက်ပိုင်းမဟာမိန့်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုသည် စစ်တပ်မှအသွင်ပြောင်းဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများ၊ မူးယစ်ဆေးဝါးလုပ်ငန်းများ၌ ပါဝင်ပတ်သက်နေကြောင်း သတင်းများထွက်ပေါ်နေသည်။ ထိုသတင်းများနှင့် ပတ်သက်၍ People’s Spring က မေးမြန်းရန် ဆက်သွယ်သော်လည်း ဖုန်းကိုင်ဆောင်ခြင်းမရှိပေ။
(မြန်မာနိုင်ငံသားပိုင်သောကျားဖြန့်လုပ်ငန်းအချို့ကို စစ်ကောင်စီတပ်နှင့် ရဲများက စီးနင်းဖမ်းဆီးပြုလုပ်ပြီး စစ်ကောင်စီထောက်ခံသူအချို့က လူမှုကွန်ယက်တွင်ဖြန့်ဝေနေသောဓါတ်ပုံအချို့)