အဘကျေးဇူးကြောင့် မွန်လူငယ်တွေရေးဘီလူးစီရောက်ကုန်ဘီ

မွန်တော်လှန်ရေးတပ်ဖွဲ့များဆီသို့ လူငယ် ရာနှင့်ချီ ဝင်ရောက်လာ

ဖေဖော်ဝါရီလ ၂၅ ရက်

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် မွန်ပြည်နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များဆီသို့ လူငယ် ရာနှင့်ချီဝင်ရောက်လာကြောင်း သိရသည်။ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်ကောင်စီက “ပြည်သူ့ စစ်မှုထမ်းဥပဒေ” ကိုအတည်ပြု လိုက်ပြီးနောက် ယင်းဥပဒေကို ဆန့်ကျင်သည့် လူငယ်များက တော်လှန်ရေးတပ်ဖွဲ့များထံ ဝင်ရောက် လာခြင်းဖြစ်ကြောင်း ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်ကိုကြက်က ပြောသည်။

“ကျွန်တော်တို့ ရေးဘီလူးတပ်ဖွဲ့ဆီကို အသစ်ဝင်လာတဲ့ ရဲဘော် ၁၅၀ကျော်ရှိပါတယ်။သူတို့က အစထဲက တော်လှန်ရေးမှာ ပါဝင်တဲ့သူတွေပါ။အကြောင်းအမျိုးမျိုးကြောင့် တောမခိုဖြစ်တာပဲရှိတယ်။အခုကျ စစ်ကောင်စီကိုတိုက်ဖို့ တောခိုလာကြတာပါ” ဟု ၎င်းက ပြောသည်။

ရေးဘီလူးတပ်ဖွဲ့ထံ ဝင်ရောက်လာသည့် တပ်သားသစ် ၁၅၀ကျော်ကို စစ်သင်တန်းပေးရန် စီစဉ်နေကြောင်း သိရသည်။”ဒီလူငယ်တွေက အရင်ကတည်းက စိတ်တက်ကြွတဲ့လူငယ်တွေဆိုတော့ အများကြီး ကျွန်တော်တို့က ထိန်းစရာမလိုဘူး။နောက်တစ်ခုက ကလေးတွေ စည်းမျည်းစည်းကမ်းပိုင်းမှာလည်း ပြောစရာမရှိတော့ ဒီ PDF တပ်က အရင်ထက်အလားအလာကောင်းလာပြီပေါ့ဗျာ” ဟု ၎င်းကပြောသည်။မွန်ပြည်တော်လှန်ရေးတပ် (MSRF)ထံသို့လည်း ဝင်ရောက်လာသည့် လူငယ်များရှိကြောင်းနှင့် လက်ရှိတွင် တပ်ဖွဲ့ရှိရာ လွတ်မြောက်နယ်မြေအတွင်း နေရာချပေးထားကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF)၏ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

“အသစ်ရောက်လာတဲ့ လူငယ်စာရင်းကတော့ သက်သက်အသိပေးပါ့မယ်။ဒီလူငယ်တွေကို တော်လှန်ရေးပြီးဆုံးတဲ့အထိ ထားနိုင်ဖို့က စစ်သင်တန်းအပြင် စစ်ပုံကျအောင် အချိန်ယူရပါဦးမယ်။ မွန်ပြည်နယ်အတွင်းမှာတော့ စစ်ရေးပြင်ဆင်မှုတွေနဲ့မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းပြီး စစ်ဆင်ရေး တွေပြုလုပ်နေပါတယ်။ဒီနှစ်ထဲမှာ အကောင်းဆုံးလုပ်ဆောင်သွားဖို့ရှိပါတယ်။စစ်ရေးမို့ အသိပေးချိန်တန်တဲ့အခါ အသိပေးပါမယ်”ဟု နိုင်နဂါးက ပြောသည်။

စစ်မှုမထမ်းချင်သဖြင့် တိမ်းရှောင်လာသည့်မွန်ပြည်နယ်မှ လူငယ်များကို နေရာထိုင်ခင်းနှင့် အစားအသောက်ကအစ တာဝန်ယူပေးသွားမည်ဖြစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များထံဝင်ရောက်လိုပါကလည်း ဝင်ရောက်နိုင်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီကလည်း ထုတ်ပြန်ထားသည်။ဓာတ်ပုံ – MSRF & ရေးဘီလူး / ပုံစာ – MSRF & ရေးဘီလူးတပ်ဖွဲ့မှ ရဲဘော်များ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *