ပြည်သူတွေနှင့်တလရရဲဘော်တွေဘေးကင်းပါစေ(ရုပ်သံ)

ကလေးနယ် တိုက်ပွဲမှာ စစ်အုပ်စု (၁၇)ယောက် သေပြီး ခဲယမ်းကျည်တချို့ ရရှိ၊

ဒေသခံပြည်သူ သောင်းချီ ထွက်ပြေးနေရပြီး အရေးပေါ်ရိက္ခာ လိုအပ်နေ၊

မတ်လ ၅ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း၊ ထိုမာကျေးရွာအနီး မတ်(၂)ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်အုပ်စု (၁၇)ယောက် သေပြီး ခဲယမ်းကျည် တချို့ သိမ်းဆည်း ရရှိတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

မတ်(၂)ရက်က ထိုမာရွာက ထွက်လာတဲ့ စစ်အုပ်စုကို ထိုမာရွာနဲ့ သာယာကုန်းရွာကြား ဆပ်သချောက်မှာ ကလေးခရိုင် PDF တပ်ရင်း (၂)၊ ကလေးခရိုင် PDF (၄)၊ ကလေးခရိုင် PDF (၅)၊ Vakok PDF၊ CDF-KKG၊ RKDF ပူးပေါင်း အဖွဲ့က တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်အုပ်စု (၁၇)ယောက် သေကာ (၂၀)ခန့် ဒဏ်ရာရပြီး ခဲယမ်းတွေ သိမ်းဆည်း ရရှိတာလို့ ဆိုပါတယ်။

“(၁၇)ယောက် သေတာ။ ထိုမာနဲ့ သာယာကုန်းကြားမှာ” လို့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲ ဖြစ်နေချိန် စစ်အုပ်စုက ထိုမာ၊ ထောက်ကြန့်နဲ့ သာယာကုန်း ကျေးရွာတွေကို ရဟတ်ယာဉ်နဲ့ လေးကြိမ် ဗုံးကြဲ ပစ်ခတ်လို့ နေအိမ် (၁၀)လုံးကျော် ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စု ရန်ကြောင့် ကလေးနယ်တောင်ပိုင်းက ထိုမာ၊ ထောက်ကြန့်၊ ရေလယ်ဦး၊ ပေါက်ခုံ၊ ဇင်းကလင်း၊ သာစည်၊ စက္ကန့်၊ ထောက်ကြန့်၊ ကြာအင်းစတဲ့ ရွာတွေနဲ့ ကလေးနယ် မြောက်ပိုင်းမှာ ရှိတဲ့ ကံကြီး၊ ကံသာ၊ စခန်းကြီး၊ ဆည်တော်ဦး စတဲ့ ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးနေရပါတယ်။ ကလေးမြို့ပေါ် ရပ်ကွက်တွေ ဖြစ်တဲ့ မွန်းလှိုင်၊ လှိုင်သာယာ၊ တာဟန်း၊ ကြို့သုံးပင် စတဲ့ ရပ်ကွက်တွေက ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။

ထွက်ပြေးနေရတဲ့ ပြည်သူ တစ်သောင်းကျော် ရှိပြီး စစ်ပြေး ပြည်သူတွေထဲ အသက်မပြည့်တဲ့ ကလေးငယ်၊ ကိုယ်၀န်ဆောင်နဲ့ သက်ကြီးရွယ်အို (၁၀၀)ခန့် ပါ၀င်ကာ ဆန်၊ ဆီ၊ ဆား ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေတဲ့ ကလေးမြို့ ပင်မ သပိတ်ခေါင်းဆောင် ကိုဗိုက်ပူက ပြောပါတယ်။

ကလေး ပင်မ သပိတ် ခေါင်းဆောင် ကိုဗိုက်ပူ “လက်ရှိ အနေအထားကတော့ စရှောင်တဲ့ အနေထားပေါ့။ ကျနော်တို့ ဒီ ရှိတဲ့ဟာနဲ့ ကျနော်တို့ အဆင်ပြေအောင် နေရတဲ့ အခြေအနေပေါ့။ တဘက်ကနေလည်း မြို့သိမ်းတိုက်ပွဲ ပကဖ ကနေ ကြေညာလိုက်တဲ့ အချိန်ကစပြီးတော့ ကျနော်တို့ ပြည်သူတွေလည်း ‌ဘေးလွတ်ရာကို တိမ်းရှောင်ရှားကြတဲ့ အခြေအနေမှာ ဆိုတော့ ယာယီစစ်ရှောင်က တဟုန်ထိုး တိုးလာခဲ့တာပေါ့။ ဆိုတော့ ရေရှည်‌ဆိုရင်တော့ စားနပ်ရိက္ခာတွေ၊ အခြေခံ ကျန်းမာရေးတွေ၊ ကုသမှုတွေ စိန်ခေါ်မှု ဖြစ်လာတယ်။ နီးစပ်ရာ တောတိုက်တွေ၊ ရွာတွေထဲမှာ ဘေးလွတ်ရာမှာ အသစ်အသစ်တွေပေါ့ဗျာ။ အမြဲတန်း စစ်ရှောင်တွေ နေရာတွေ အပြင် တခြား‌နေရာတွေမှာ ရှောင်ကြတာဆိုတော့ ပြန့်ကြဲနေတဲ့ အနေအထားပေါ့”

ထိုမာရွာထဲက ထွက်လာတဲ့ စစ်အုပ်စုရဲ့ ခြေမြန်တပ်ရင်း – ခမရ-၇၀၃ အပါအဝင် စစ်အုပ်စုနဲ့ ပျူ ပူးပေါင်းအဖွဲ့ကို ကလေးခရိုင် PDF တပ်ရင်း (၂)၊ ကလေးခရိုင် PDF တပ်ရင်း(၄)၊ ကလေးခရိုင် PDF တပ်ရင်း (၅)၊ Vakok PDF၊ CDF-KKG၊ RKDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ရှစ်ယောက်သေပြီး (၂၀)ခန့် ဒဏ်ရာရသလို လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေး၀န်ကြီးဌာန အမှတ်(၁)စစ်ဒေသက သတင်း ထုတ်ပြန်ပါတယ်။

လက်ရှိမှာတော့ စစ်အုပ်စုဟာ ထိုမာကျေးရွာကို ပြန်ဆုတ်သွားပြီး ထိုမာကျေးရွာအနီး နည်းပညာတက္ကသိုလ်ရှေ့၊ ကလေးတက္ကသိုလ်၊ ခိုင်ကမ်းမြို့၊ တာဟန်းရပ်ကွက်၊ စခန်းကြီး၊ ကျီကုန်း၊ ဆည်တော်ဦး၊ ဒိုးဝိုင်းချောင်း စတဲ့ နေရာတွေမှာ အမြှောက်တပ်ဆင်ကာ တပ်စွဲထားတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ဒေသတွင်း စစ်ရေးအခြေအနေ ဆက်လက် တင်းမာနေဆဲ ဖြစ်ပြီး ဒေသခံ ပြည်သူတွေ လုံခြုံတဲ့ နေရာမှာ နေထိုင်ဖို့၊ စစ်ရေးအခြေအနေတွေကို စောင့်ကြည့်ဖို့ ကလေးပင်မသပိတ် ခေါင်းဆောင် ကိုဗိုက်ပူက တိုက်တွန်းပါတယ်။

“ပြည်သူတွေအနေနဲ့ ထိတ်လန့်တကြား တလန့်တကြား မဖြစ်ဘဲနဲ့ ကျနော်တို့ နီးစပ်ရာ၊ နီးစပ်ရာ ကျနော်တို့ တော်လှန်ရေး သမားတွေဆီမှာ အချိတ်အဆက် ဆက်သွယ် အကြောင်းကြားပြီး၊ ခြေသံငြိမ်ငြိမ်နဲ့ ‌ခြေသံလုံလုံနဲ့ ဘေးကင်း ကျန်းမာစွာနဲ့ တော်လှန်ရေးဘက်တွေက ထုတ်ပြန်တဲ့ အမိန့်ကို လိုက်နာပေးကြပါ။ မြို့ပေါ်မှာ ရှိတဲ့ ပြည်သူတွေအနဲ့လည်း လိုက်နာပေးကြပါ။ အသိနဲ့ယှဥ်၊ သတိနဲ့ယှဉ် ဉာဏ်ဝီရီယနဲ့ယှဉ် အသွားအလာ အလှုပ်အရှား အစားအသောက် အနေအထိုင် ကစ တတ်နိုင်သမျှ ပါ၀င်ပေးကြပါ”

ကလေးမြို့နယ်မှာ ဖေဖေါ်ဝါရီ(၂၁)ရက်ကစလို့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်နေတာ ဖြစ်ပြီး ဖေဖေါ်ဝါရီ(၂၁)ရက်ကနေ (၂၃)ရက်အထိ သုံးရက်တာ တိုက်ပွဲအတွင်း စစ်အုပ်စု အထိုင်ချ တပ်စွဲထားတဲ့ ကံကြီး၊ ကံသာနဲ့ စက္ကန့်ကျေးရွာတွေကို တော်လှန်ရေးတပ်တွေက သိမ်းပိုက် နိုင်ခဲ့ပါတယ်။

ကလေးနယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေချိန် စစ်အုပ်စုက ကလေးမြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာတွေက ပြည်သူတွေကို ပစ်ခတ် သတ်ဖြတ်တာ၊ လက်နက်ကြီးနဲ့ ထုတာကြောင့် ဒေသခံပြည်သူ (၁၁)ဦး သေဆုံးခဲ့ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *