ကေအိုင်အေ ပွဲဆက်ကနေ မကြာခင်သတင်းကောင်းကြားရမည်

လိုင်ဇာဒေသရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကို KIA တစ်ပြိုင်တည်း ထိုးစစ်ဆင်

မတ်လ ၇

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ် လိုင်ဇာဒေသရှိ စစ်ကောင်စီ တပ်စခန်း ၄ခုကို ယနေ့မနက်တွင် KIAက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မတ်လ ၇ရက် မနက် ၆နာရီမှစ၍ ထိုးစစ်စတင်ခြင်းဖြစ်ပြီး အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။“၆နာရီ ကနေ လိုင်ဇာဘက်က ရန်သူ့ တပ်စခန်း ၄နေရာကို တပြိုင်နက် ထိုးစစ်ဆင်နေတာ။ လိုင်ဇာအနီးက စကစ စခန်းတွေကို KIAက ထိုးစစ်ဆင်တာ ဟုတ်တယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်စခန်းများထဲတွင် ရှဒန်ပါ တပ်စခန်း၊ အင်တပ်ဘွမ်တပ်စခန်းနှင့် အင်လုန်ခ တပ်စခန်းတို့ ပါဝင်သည်ဟု သတင်းရင်းမြစ်က ပြောပြသည်။လိုင်ဇာအနီးရှိ စစ်ကောင်စီတပ်စခန်းများကို ရှင်းလင်းရန် KIA အနေဖြင့် ယခင်ကတည်းက စီမံဆောင်ရွက်နေခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ဟုတ်တယ် ပြင်ဆင်နေတာကြာပြီ” ဟု စစ်ရေးသတင်းရင်းမြစ်က လိုင်ဇာဒေသ စစ်ကောင်စီတပ်စခန်းများအား ထိုးစစ်ဆင်သည့် အစီအမံနှင့်ပတ်သက်ပြီး ပြောပြသည်။လိုင်ဇာအနီး စစ်ဆင်ရေးနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ထံ ဆက်သွယ်နေဆဲဖြစ်သည်။

KIA အနေဖြင့် ၂၀၂၃ အောက်တိုဘာ ၁၈ရက်မှစ၍ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်သည့် စစ်ဆင်ရေးများကို ကချင်နှင့်ရှမ်းမြောက် ဒေသများ၌ ဆင်နွှဲလျက်ရှိရာ တပ်စခန်းများစွာနှင့် မြို့အချို့ကို သိမ်းပိုက်ထားသည်။ လတ်တလော တွင် ဖားကန့်မြို့နယ်နှင့် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း များကို စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲ အောင်မြင်ခဲ့ပြီး တပ်စခန်းအချို့ရရှိရေး ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။

၂၀၂၃ ဇွန်လတွင် စစ်ကောင်စီက လိုင်ဇာဌာနချုပ်ကို ဖိအားပေး ခြိမ်းခြောက်ရန် နမ့်ဆန်ယန်ဒေသမှ တဆင့် တပ်ရင်းအများအပြား အသုံးပြုပြီး ထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲခဲ့သော်လည်း ထိုစဉ်က စစ်ကောင်စီတပ်ရင်းများကို KIAနှင့် ပူးပေါင်းတပ်ကချေမှုန်းနိုင်ခဲ့သည့်အပြင် နမ့်ဆန်ယန် အနီးဝိုက်နှင့် မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီ၏ အရေးပါသည့် တပ်စခန်းများကို KIAက သိမ်းပိုက်ထိန်းချုပ်စိုးမိုးနိုင်ခဲ့ပြီး လိုင်ဇာဌာနချုပ် လုံခြုံရေးအတွက်ပိုမိုအားကောင်းအောင်ဆောင်ရွက်နိုင်ခဲ့သည်။

ယခု လိုင်ဇာအနီးတပ်စခန်းများကို ထိုးစစ်ဆင်ခြင်းကို KIAက ပထမဆုံး ဆောင်ရွက်လာခြင်းဖြစ်သည်။ လိုင်ဇာအနီးတပ်စွဲထားသည့် စစ်ကောင်စီတပ်များသည် လိုင်ဇာမြို့နှင့်အနီးတဝိုက်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လေ့ရှိသည့် တပ်စခန်းများလည်းဖြစ်သည်။ (စစ်​ရေး​လေ့ကျင့်​နေ​သော KIA တပ်ဖွဲ့ဝင်များ။(ပုံအ​ဟောင်းဖြစ်ပါသည်) ဓါတ်ပုံ-EPA )

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *