ရင်းမှူးက တပြည့်၇၀ ကျော်ကို ရာမမင်းဆီအရောက်ပို့

ဖားကန့် ၊ကသိုင်းတောင်စစ်တပ်စခန်းကို KIA က အပြီးသတ် သိမ်းပိုက်ပြီး

တာမခန်စခန်းမှ ဆုတ်ခွာလာသော ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်း ကသိုင်းတောင်တိုက်ပွဲတွင် သေဆုံး

■ ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းနှင့်အတူ တာမခန်စခန်းမှ ထွက်ပြေးလာသော စစ်သား ၇၀ ကျော်သေဆုံးဟု KIA ပြော

ရန်ကုန်၊ မတ် ၁၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကသိုင်းတောင် စစ်ကောင်စီတပ်စခန်းကို KIA က ယမန်နေ့ညနေပိုင်း အပြီး သတ်သိမ်းပိုက်လိုက်ပြီး အဆိုပါတိုက်ပွဲတွင် တာမခန်စခန်းမှ ဆုတ်ခွာလာသော ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်း သေဆုံးသွားကြောင်း KIA သတင်းရင်းမြစ်နှင့် တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

မတ်လ ၉ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ တာမခန် စစ်စခန်းကို KIA ဦးဆောင်သော မဟာမိတ်တပ်များက သိမ်းယူခဲ့ကြောင်း၊ တာမခန်စခန်းမှ ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းနှင့်အဖွဲ့ သည် ကသိုင်းတောင်သို့ ဆုတ်ခွာခဲ့ကြောင်း၊ မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီ ဖားကန့်မြို့နယ်၊ ကသိုင်းတောင်တွင်ရှိသော စစ်ကောင်စီတပ်စခန်းကို KIA ဦးဆောင်သော မဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

တာမခန်တပ်စခန်းမှ ထွက်ပြေးလာသော ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ် မှူးကြီး သက်ပိုင်ထွန်း အပါအဝင် စစ်သား ၇၀ ကျော်လုံး ကသိုင်းတောင် တိုက်ပွဲတွင် သေဆုံးခဲ့ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ ထို့ပြင် ဖားကန့်မြို့နယ်၊ ကသိုင်းတောင်စခန်းမှ စစ်ကောင်စီတပ်များသည် မတ်လ ၁၁ ရက်နေ့ နံနက် ၃ နာရီတွင် ကား ၅ စီးဖြင့် ဆိုင်းတောင်ဘက်သို့ ထပ်မံဆုတ်ခွာခဲ့ပြီး အဆိုပါ ယာဉ်တန်းကိုလည်း KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် ကားများ ပျက်စီးခဲ့ကြောင်း၊ စစ်သားများ သေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဖားကန့်မြို့နယ်၊ ကသိုင်းတောင်စစ်ကောင်စီတပ်စခန်းကို မတ်လ ၁၁ ရက်နေ့ ညနေ ၆ နာရီကျော်အချိန်တွင် KIA ဦးဆောင်သော တပ်များက ထပ်မံ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ အဆိုပါစခန်းကို KIA ၂ ကြိမ်တိုင် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “၂၀၂၃ ဩဂုတ်လ ၇ ရက်နေ့မှာ အဲဒီကသိုင်းတောင်စခန်းကို KIA က ပထမအကြိမ် သိမ်းပိုက်တယ်။ ဒါပေမယ့် လေကြောင်းနဲ့ လာပစ်ပြီး မြေပြင်မှာလည်း ထိုးစစ်ဆင်လို့ စခန်းကို စွန့်ခွာခဲ့တာ။ အဲဒါကို စစ်တပ်က စစ်ကြောင်းတွေ ပြန်ချီတက်ပြီး အဲဒီမှာ စခန်း ပြန်ဝင်ထိုင်တယ်။

အခုတစ်ခါ ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ ဒုတိယအကြိမ် ထပ်သိမ်းတာပါ။ ဒီတစ်ခါတော့ KIA က ပြန်အပါခံမှာ မဟုတ်တော့ဘူး” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *