ရွှေစျေးဒေါ်လာစျေးစံချိန်တင် အငတ်ဘေးလည်းစံချိန်တင်တော့မည်

အမေရိကန်တစ်ဒေါ်လာ ၃၈၂၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သား ၄၄ သိန်း ၂ သောင်းကျပ်အထိ စံချိန်တင် စျေးများတက်နေ၊

စစ်မှုထမ်းဥပဒေနှင့် နိုင်ငံရေး အကျပ်အတည်း ပိုမိုဆိုးဝါးလာမည့်အရေးကြောင့် အဓိကတက်ဟုဆို

ရန်ကုန်၊ မတ် ၂၈ ပြည်တွင်းစျေးကွက်တွင် အမေရိကန်ဒေါ်လာနှင့် ရွှေစျေးနှုန်းများ စံချိန်တင်မြင့်တက်နေပြီး ယနေ့စျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၈၂၀ ကျပ်၊ မီးလင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၄ သိန်း ၂ သောင်းကျပ်အထိ စံချိန်တင် စျေးများထိုးတက်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“ရွှေစျေးရော ဒေါ်လာစျေးရော မနေ့ကလည်း စံချိန်တင်တယ်။ ဒီနေ့လည်း စံချိန်ထပ်ချိုးတယ်။ အဓိက နိုင်ငံရေး အကျပ်အတည်းက ပိုပြီးတော့ ဆိုးလာဖို့ပဲရှိတယ်။ စီးပွားရေးကလည်း ကောင်းလာဖို့မရှိတော့ဘူး။ စစ်မှုထမ်း ဥပဒေကြောင့် လူငယ်တွေလည်း အများကြီး ထပ်သေရဦးမယ်။ အားလုံးလည်း ပြည်တွင်း၊ ပြည်ပ ပြေးကြ လွှားကြ ရုတ်ရုတ်သဲသဲ အခြေအနေကြောင့် အဓိက တက်တာပါ။

ဒါက အရှိတရား အမှန်တရားပဲ” ဟု ရန်ကုန်တိုင်း ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။ လက်ရှိတွင် ရွှေအရောင်းအဝယ်ကို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်းများအသင်း၏ ရုံးခန်းတွင် မလုပ်ကြဘဲ ပြင်ပတွင်သာ မိမိ အချိတ်အဆက်နှင့် မိမိ ရောင်းဝယ်ကြကြောင်း၊ စစ်တပ်က ခေါ်ယူ ဖမ်းဆီး စစ်ဆေးသော ရွှေကုန်သည်များလည်း အများအပြားရှိနေကြောင်း၊ နိုင်ငံရေးအခြေအနေ မကောင်းသဖြင့် ရေရှည် စျေးကွက်တွင် ပြင်ပ မှောင်ခိုစျေးကွက်ကသာ အလုပ်ဖြစ်မည့် အခြေအနေ ရှိနေကြောင်း ရွှေကုန်သည်များက ဆိုကြသည်။ နိုင်ငံခြား ငွေလဲစျေးကွက်တွင်လည်း ထိုင်းဘတ်ငွေသည် အမြင့်ဆုံး စံချိန်တင် တက်နေပြီး ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၁၀၆ ကျပ် အထိ စျေးတက်လာကြောင်း စျေးကွက်အတွင်း မှ စုံစမ်းသိရှိရသည်။

“ကျပ်ငွေ တန်ဖိုး စျေးထိုးကျနေတာ။ ကျပ်ငွေ အရောင်းတွေချည်းပဲ။ ဘတ်အဝယ်များတယ်” ဟု ရန်ကုန်နှင့် ဘန်ကောက်ချိတ်ဆက်၍ ဟွန်ဒီငွေလဲလုပ်သူ တစ်ဦးက ဆိုသည်။ ဓာတ်ပုံ- နေ့စဉ် တန်ဖိုး ထိုးကျနေသော မြန်မာကျပ်ငွေများ။

Be the first to comment

Leave a Reply

Your email address will not be published.


*