ဒို့ပြည်သူတွေအတွက် ထိုက်သင့်သောအပြစ်ပေးပါ

ဒို့ပြည်သူတွေအတွက် ထိုက်သင့်သောအပြစ်ပေးပါ

ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းမှူးကို ဖမ်းမိထားပြီး စစ်ဆေးမှုများပြုလုပ်

ရွှေနွယ်(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်းအတွင်းရှိ ‌ပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်း၏ စစ်ကြောင်းမှူးကို ရှေ့တန်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားပြီဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က မဇ္ဈိမကို အတည်ပြု ပြောသည်။

နာမည်ကြီး ဘီလူးစစ်ကြောင်း၏ စစ်ကြောင်းမှူးကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ပူးပေါင်းတပ်က ဩဂုတ်လ ၁၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မန္တလေးဒေသ၊ သပိတ်ကျင်းမြို့နယ်ရှိ ဖော့တောလမ်းဆုံတိုက်ပွဲတွင် ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း PLA တာဝန်ရှိသူက ပြောသည်။”စစ်ကြောင်းမှုးအပါအဝင် ငါးယောက်ပါ။

(ဘီလူးစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး) သူကတော့ ကြိမ်းသေပါတယ်။ အသေးစိတ် စစ်ချက်တွေတော့ မရသေးပါဘူး” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။ဖမ်းဆီးရမိထားသည့် စစ်ကြောင်းမှူး၏ အမည်နှင့်တကွ အသေးစိတ်အချက် အလက်များကို ထပ်မံအသိပေးသွားမည်ဟုလည်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက် ညပိုင်းက သပိတ်ကျင်းမြို့နယ် မိုးကုတ်−သပိတ်ကျင်းလမ်းပိုင်းက ဝါးဖြူတောင်ကျေးရွာအနီး ဖော့တောလမ်းဆုံရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မိုးကုတ်ဗျူဟာတပ်ရင်းများနှင့် (PLA) ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်စဉ် ဘီလူးစစ်ကြောင်း၏ စစ်ကြောင်းမှူးအပါအဝင် ငါးဦးကို အရှင်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ဘီလူးစစ်ကြောင်းသည် တပ်မများ၏ ထုတ်နှုတ်အင်အားများဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ပြောသည်။

စစ်ကောင်စီတပ်တွင်းသတင်းများကို ထောက်လှမ်းနေသည့် CDM ဗိုလ်ကြီးဇင်ယော်ကမူ ဘီလူးစစ်ကြောင်းသည် တိုက်ကြီးမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၄) ၏ တပ်ရင်းအင်အားများဖြစ်သည်ဟု ပြောသည်။”ဘီလူးစစ်ကြောင်းဆိုတာ စကခ (၄)ပေါ့နော်။ တိုက်ကြီးအခြေစိုက်တဲ့ တပ်တွေ။ နောက်ပိုင်းမှာ လေကြောင်းချီတပ်မဟာဆိုပြီးပြောင်းလာပြီးတော့ ဒီကောင်တွေက တပ်ဖွဲ့ဝင်အားလုံး အကြမ်းဖက်သင်တန်းတွေ၊ လေထီးခုန်၊ ရေငုပ်သင်တန်းတွေ တက်ထားတဲ့ကောင်တွေ” ဟု CDM ဗိုလ်ကြီးဇင်ယော်က မဇ္ဈိမကို ပြောသည်။

ဘီလူးစစ်ကြောင်းသည် စစ်ကိုင်းတိုင်းရှိ မြောင်၊ ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်နှင့် စစ်ကိုင်း စသည့်မြို့များအပါအဝင် မြို့နယ်အများအပြားကို နယ်လှည့် စစ်ကြောင်းထိုးကာ ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည့်စစ်ကြောင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မေလအတွင်း ရေဦးမြို့နယ် မုန်တိုင်ပင်ကျေးရွာတွင် ဖြစ်ပျက်ခဲ့သည့် အရပ်သား ၃၀ ကျော် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု၊ ၂၀၂၃ ခုနှစ် မတ်လ ၁ ရက် စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာတွင် ပြည်သူ ၁၇ ဦး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြောင်မြို့နယ် CDSOM တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းနှင့် အခြားတပ်ဖွဲ့ဝင်တဦးကို ဦးခေါင်းဖြတ် သတ်ဖြတ်မှုများသည် ဘီလူးစစ်ကြောင်း၏ ကျူးလွန်ခဲ့မှုများအနက် ထင်ရှားသည့် ဖြစ်ရပ်များ ဖြစ်သည်။

ထို့အပြင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဖြစ်ပျက်ခဲ့သည့် မြင်းမူမြို့ နယ်အတွင်းက အရပ်သားပြည်သူများ သတ်ဖြတ်ခံရမှုများ၊ မြင်းမူမြို့နယ် လက္ကပင် ကျေးရွာတွင် မတ်လ ၅ ရက်နေ့က ဖြစ်ခဲ့သည့် ဒေသခံရွာသား ၁၀ ဦးတို့အား အစုလိုက်အပြုလိုက် သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်၊ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ဝက်လက်မြို့နယ်တွင် အရပ်သားပြည်သူ ခြောက် ဦး လည်လှီးအသတ်ခံရသည့်ဖြစ်ရပ်များလည်း ရှိခဲ့သည်။ဘီလူးစစ်ကြောင်းသည် ပြည်သူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများသာမက စစ်ကြောင်းထိုးရာ လမ်းတလျောက်တွင် သတ်ဖြတ်မှုများလည်း ကျူးလွန်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသခံများမှ တညီအညွတ်တည်းပြောဆိုကြသည်။”တော်တော်ကြမ်းတယ်။

သတ်တယ်ဖြတ်တဲ့ နေရာမှာ။ တခြားစစ်ကြောင်းတွေနဲ့ မတူဘူး။ ပြောရမယ်ဆိုရင် သူတို့က တကယ့်ကို အရိုင်းအစိုင်းတွေ ထုတ်သုံးလိုက်တဲ့ စစ်ကြောင်းတခုလိုပဲ။ လူစိတ်လည်းမရှိဘူး။ တွေ့တာနဲ့ သတ်မယ်ဆိုတာမျိုး၊ သတ်ရင်လည်း ရက်ရက်စက်စက်သတ်တယ်။ ဒါက တကယ့်ကို အရိုင်းအစိုင်းစစ်ကြောင်းလို့ ပြောရမယ်” ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) မှ ကိုနွေဦး(မြောင်) က မဇ္ဈိမကို ပြောသည်။မြောင်မြို့နယ်အတွင်း ဘီလူးစစ်ကြောင်းရှိနေစဉ်ကာလ၌ CDSOM တပ်ဖွဲ့မှ ထိုစစ်ကြောင်းကို နှိမ်နင်းတိုက်ခိုက်ရေးများ ပြုလုပ်ခဲ့သော်လည်း ဘီလူးစစ်ကြောင်းနှင့် ပတ်သက်သည့် အချက်အလက်များမှာ စုံစမ်းရန်ခက်ခဲခဲ့သည်ဟု ကိုနွေဦးက ပြောသည်။”ဘီလူးစစ်ကြောင်းက တခြားနယ်ခံ စစ်တပ်စခန်းတွေနဲ့လည်း ချိတ်ဆက်တာမျိုး သိပ်မရှိဘူး။

သူတို့ရဲ့ သတင်းအချက်အလက်ကို ဘာမှ ပြည့်ပြည့်စုံစုံ မရနိုင်ဘူး။ သူတို့ဆီကသတင်းက ပျောက်တာများတယ်” ဟု ကိုနွေဦးက ပြောသည်။အဆိုပါ ဘီလူးစစ်ကြောင်းသည် စစ်ကိုင်းတိုင်း၌သာမက ကရင်နီပြည်နှင့် ကရင်ပြည်နယ် မုန်းမြို့နယ်တို့ကိုလည်း ရောက်ရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကို ကိုးကားပြီး သတင်းဌာနအချို့က ရေးသားခဲ့ကြသည်။လက်ရှိတွင် ဘီလူးစစ်ကြောင်း၏ စစ်ကြောင်းမှုးကို မန္တလေးဒေသအတွင်း ဖမ်းဆီးရရှိခဲ့ခြင်း ဖြစ်သည်။ ဘီလူးစစ်ကြောင်း ကျူးလွန်ထားသည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ ရက်စက်သောသတ်ဖြတ်မှုများသည် စစ်ရာဇဝတ်မှုများဖြစ်ကြောင်းနှင့် အချက်အလက်များ၊ သက်သေအထောက်အထားများကို စနစ်တကျစုဆောင်းရယူပြီး နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့တိုင်ကြားထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ထုတ်ဖော်ပြောဆိုထားသည်။

လက်ရှိဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်းမှူးအား PLA၊ TNLAနှင့် မိုးကုတ်ဗျူဟာတပ်ရင်း စုပေါင်းမဟာမိတ်များမှ မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်မည်ကို မဇ္ဈိမက ဆက်လက်မေးမြန်းနေဆဲ ဖြစ်သည်။

စာတည်း။ ။ နောင်နောင်#ဘီလူးစစ်ကြောင်း#သပိတ်ကျင်း#စစ်ကြောင်းမှူးဖမ်းမိ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *