ဘိုးဘိုးလည်း မ ‘မ’နိုင်တော့ဘူး အဘရယ်

ရှမ်းမြောက်တွင် စစ်သားနှင့် အရာရှိများ သေဆုံးမှု များပြားနေသဖြင့် တိုက်ပွဲများတွင် အသက်ဘေးကင်းရှင်းရေး သီပေါတုံစင့်ဘိုးဘိုးကြီး နတ်နန်းတွင် ပွဲထိုး ဆုတောင်း ယတြာချေ

နိုဝင်ဘာလ ၄ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အရာရှိများ တိုက်ပွဲများတွင် သေဆုံးခြင်းနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှုများ များပြားလျက်ရှိနေသဖြင့် သီပေါမြို့နယ် တုံစင့်ဘိုးဘိုးကြီး နတ်နန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသက်အန္တရာယ် ဘေးကင်းရှင်းရေး ပွဲထိုး ဆုတောင်း ယတြာချေနေရကြောင်း သိရှိရသည်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်၍ ၁၀၂၇ စစ်ဆင်ရေးဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ ၇ ရက်အတွင်း စခန်း ၁၀၀ နီးပါး သိမ်းပိုက်နိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ သေဆုံးကြောင်း၊ စစ်သုံ့ပန်းများကိုလည်း ဆယ်ဂဏန်းများစွာ ဖမ်းဆီးရရှိသည့်အပြင် လက်နက်ခဲယမ်းများ၊ သံချပ်ကာနှင့်တင့်ကား ၆ စီးကို ပါသိမ်းဆည်းနိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ စစ်ဆင်ရေး ၇ ရက်တာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများ ၊ ဖမ်းဆီးခံရမှုများ ပြားလာချိန်

သီပေါ မြို့ မြောက်ဘက် တုံစင့်ကျေးရွာ နမ္မတူ-နမ့်ဆန်သွားကားလမ်းဝဲဘက်ရှိ တုံစင့်ဘိုးဘိုးကြီး နတ်နန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသက်အန္တရာယ် ဘေးကင်းရှင်းစေရေး ပွဲထိုး ဆုတောင်း ယတြာချေမှုများကို စစ်တပ်အသိုင်းအ၀ိုင်းက လုပ်ဆောင်လာ ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်က ကြည့်ရှုခွင့်ရရှိသော ဓာတ်ပုံမှတ်တမ်းများအရ အောက် တိုဘာလ ၂၉ ရက်နေ့တွင် ကျောက်မဲမြို့ ခမရ ၅၀၂ တပ်ရင်းအတွက်လည်း ကောင်း၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ခမရ ၅၀၃ တပ်ရင်းမှူးနှင့် အရာရှိ၊ အရာခံ ၊ အကြပ်၊ စစ်သည်များအားလုံး အတွက်လည်းကောင်း၊ အောက် တိုဘာလ ၃၁ ရက်နေ့တွင် ကွတ်ခိုင် ၄၅ တပ်ရင်း မိသားစုကလည်းကောင်း၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဗိုလ်ကြီးနိုင်ဖြိုးလင်း မိသားစုကလည်း ကောင်း အသက်အန္တရယ်ဘေးကင်းရေး တုံ့စင်ဘိုးဘိုးကြီး နတ်နန်းတွင် လာရောက်ပွဲထိုးထားကြောင်း၊ တပ်မိသားစုများနှင့် တပ်အသိုင်းအ၀ိုင်း အများအပြားက တုံစင့်ဘိုးဘိုးကြီး နတ်နန်းတွင် လာရောက် ပွဲထိုး ဆုတောင်းနေကြကြောင်း သိရှိရသည်။

ကုန်းဘောင်ခေတ် သီပေါ စော်ဘွား ကိုးဆက်မြောက်၏ ညီဖြစ်သူ ပေါပန်သည် တုံ့စင်ဘိုးဘိုးကြီးအဖြစ် ဒေသကို စောင့်ရှောက်လျက်ရှိကြောင်း အဆိုပါနတ်နန်းတွင် ရှိနေသော တုံစင့်ကျောက်စာက ရေးသားဖော်ပြထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *