ယနေ့ ကောလင်းမြို့ပေါ် အခြေအနေ(ရုပ်သံ)

ကောလင်းမြို့ပေါ် အခြေအနေ

နိုဝင်ဘာ ၉ ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ် နေရာတချို့မှာ ကျန်ရှိနေတဲ့ မြို့ခံပြည်သူတွေကို တော်လှန်ရေး အင်အားစု တွေက ကယ်ထုတ်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ဖြစ်တဲ့ Kawlin Info အဖွဲ့က ပြောပါတယ်။

နိုဝင်ဘာ ၆ ရက်ကတည်းက တော်လှန်ရေး မဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ပေါ် ရပ်ကွက် တွေကို စစ်တပ် လေကြောင်းက တိုက်ခိုက်မှာ စိုးရိမ်ရတာကြောင့် မြို့နေ ပြည်သူတွေကို တအိမ်တက်ဆင်း ရှာဖွေ ကယ်ထုတ် ပေးနေတာလို့လည်း Kawlin Info က ဆိုပါတယ်။

“တချို့ လူကြီးတွေကျတော့ အိမ်ထဲက မထွက်ချင်ကြဘူး။ သူတို့လည်း ကိုယ့်အိမ်နဲ့ကိုယ် နေချင်ကြတာပေါ့။ အပြင်မှာကျ ဒုက္ခရောက်တယ်လေ။ ရဲဘော်တွေကတော့ လေကြောင်း ထပ်လာမှာမို့ မနေ့က နောက်ဆုံးထားပြီး အပြင်ထွက်ပေးဖို့ ပြောကြတယ် ကြားတယ်” လို့ ကောလင်းမြို့ခံ တဦးက ပြောပါတယ်။

၂၀၁၉ သန်းခေါင်စာရင်းအရ လူဦးရေ တစ်သိန်းငါးသောင်းကျော်ရှိတဲ့ ကောလင်းမြို့နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၅၀,၀၀၀ ဝန်းကျင် ရှိနေပြီး မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စောင့်ရှောက်ထားတယ်လို့ Kawlin Revolution–KR အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကောလင်းမြို့သိမ်း တိုက်ပွဲ ဖြစ်ပွားချိန်ကစလို့ မြို့ပေါ် ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် မြို့ခံတွေနဲ့ အဆက်အသွယ်ရဖို့ ခက်ခဲနေပြီး မြို့ခံတွေကို ကယ်ထုတ်ပေးနေတဲ့ တော်လှန်ရေး အင်အားစုတွေက တဆင့် သတင်းထုတ်ပြန်တာတွေ စောင့်နေရတယ်လို့လည်း သိရပါတယ်။

“မြို့ပေါ်မှာတော့ ဘာလိုင်းမှမရဘူး။ ရွာဘက်တော့ MPT နဲ့ Ooredoo တိုင်ပေါ်တဲ့ အချိန်ရတယ်။ လေကြောင်းနဲ့ ပစ်တုန်းက ဖုန်းတာဝါတိုင် ထိသွားလို့ ထင်တယ်” လို့ ကောလင်းမြို့အနီး နေထိုင်သူ တဦးက သုံးသပ်ပါတယ်။

လက်ရှိအချိန်ထိ ကောလင်းမြို့တွင်းက ပြည်သူ အားလုံးနီးပါးကို ကယ်ထုတ်ထားနိုင်ပြီး စစ်ကောင်စီ အထိုင်စခန်းဘက်က ဟောင်ဝစ်ဇာ လက်နက်ကြီး ပစ်ခတ်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး ဒေသခံ ၁၀ ဦး သေဆုံးတယ်လို့လည်း KR အဖွဲ့က ဆိုပါတယ်။

NUG ရဲ့ အမှတ် (၁) စစ်ဒေသအဖြစ် သတ်မှတ်ထားတဲ့ ကောလင်းခရိုင် ကွပ်ကဲရေး အစီအစဉ်နဲ့ PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ကောလင်းမြို့သိမ်းတိုက်ပွဲ အတွင်း လက်နက်မျိုးစုံ ၅၄ လက် အပါအဝင် ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေး မဟာမိတ်တပ်တွေ အနေနဲ့ ကောလင်းမြို့ပေါ်က စစ်ကောင်စီ အခြေပြု တပ်စွဲထားတဲ့ ကောလင်းရဲစခန်း၊ ထွေအုပ်ရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ်တို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ရာ မြို့ပေါ် အုပ်ချုပ်ရေး ယန္တရား အားလုံး ရပ်တန့်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၇ ရက်နေ့မှာ ခါမ်းပါတ်မြို့၊ ၈ ရက်နေ့မှာ ပင်လည်ဘူးမြို့တွေကို တော်လှန်ရေး မဟာမိတ် တပ်တွေ သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ရာ မြို့ပေါ် အုပ်ချုပ်ရေး ယန္တရားတွေ ရပ်ဆိုင်းခဲ့ပြီး အဲ့ဒီမြို့တွေနဲ့ တဆက်တည်းဖြစ်တဲ့ ထီးချိုင့် မြို့မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေကာ တကောင်း-ထီးချိုင့်-အင်းတော်လမ်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ယာယီ ပိတ်ထားတယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *