မင်းတပ်မြို့ရှိNon-CDM အရာရှိများ ခလရ -၂၇၄ တပ်ရင်းသို့ ထွက်ပြေးပြောင်းရွှေ့

မင်းတပ်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများမှ Non-CDM အရာရှိများ ခလရ -၂၇၄ တပ်ရင်းသို့ ထွက်ပြေးပြောင်းရွှေ့

ဧရာဝတီတိုင်းမ်

(မင်းတပ်)၊ နိုဝင်ဘာလ ၉ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင် နေကြသော Non-CDM အရာရှိများသည် ပြီးခဲ့သည့် နိုဝင်ဘာ ပထမပတ်မှ စတင်၍ မင်းတပ်မြို့အခြေစိုက် ခလရ-၂၇၄ စစ်ကောင်စီတပ်ရင်းအတွင်းသို့ ထွက်ပြေးပြောင်း‌ရွှေ့ နေကြောင်း ဒေသခံများထံက သိရသည်။

ထို့အပြင် မြို့ပေါ်ရှိ လမ်းသွား၊ လမ်းလာဒေသခံ ပြည်သူများကို စစ်ကောင်စီတပ်က ဖမ်းဆီး၍ လူသားဒိုင်းအဖြစ်အသုံးပြုနေပြီး မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအကြီးအကဲများ၏ အိမ်ဝင်းအနီးအနားများနှင့် နေရာဒေသအများစုတွင် မြေမြှုပ်မိုင်းများ ထောင်ထားကြောင်းသိရသည်။

“ကျွန်တော်တို့ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)ကလည်း မြို့ထဲမှာ စိမ့်ဝင်ထိုးဖောက် ဝင်ရောက်ထားနိုင်ပြီး ၂၇၄-တပ်ရင်း ကို တပ်ပြင်မထွက်နိုင်အောင် အတတ်နိုင်ဆုံး အထိုက်အလျှောက် ထိန်းထားနိုင်တယ်။ လမ်းကြောင်းတွေ ပိတ်ဆို့ထားပြီး ဖြတ်တောက် ထားတဲ့ သဘောပေါ့။ စစ်ကောင်စီရဲ့ နယ်မြေခံတပ် ၂၇၄ က သူတို့ခံစစ်လုံခြုံရေးကို တိုးမြှင့်ပြင်ဆင်လုပ်နေကြတာကို တွေ့နေရတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာန၊ အဖွဲ့ဝင်ဆလိုင်းမင်းတပ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)သည် မကွေးတိုင်း၊ ကျောက်ထုရှိ စစ်ကောင်စီ၏ ဒေသကွပ်ကဲရေးတပ်အား မင်းတပ်ဘက်သို့ တက်မလာနိုင်စေရန် ကျောက်ထု-မင်းတပ် ကားလမ်းမကို ဆက်သွယ်ရေး ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ညီနောင်မဟာမိတ် သုံး ဖွဲ့၏ ၁၀၂၇ မစ်ရှင်နှင့်အတူ လက်တွေ့ ပါဝင်တိုက်ပွဲဝင်နိုင်ရန် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)အနေဖြင့် ကြိုးစားနေပြီး တိုက်ပွဲဖော်ဆောင်ရန် လိုအပ်သည့် လက်နက်၊ ခဲယမ်းများကို ရရှိမည့် အခွင့်အလမ်း ကောင်းများ၊ အာမခံချက်များလည်း ရရှိထားပြီဖြစ်ကြောင်းသိရသည်။

ညီနောင် ၃ ဖွဲ့၏ ၁၀၂၇ မစ်ရှင်နှင့်အတူ လက်တွေ့ပါဝင်တိုက်ပွဲဝင်နိုင်ရန် ဘဏ္ဍာရေးလို အပ်ချက်များရှိနေပြီး ပြည်သူများအနေဖြင့် ဘဏ္ဍာငွေများဆက်လက်ထောက်ပို့‌ ပေးကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က မေတ္တာရပ်ခံအကူအညီတောင်းခံထားသည်။

ပုံစာ-မင်းတပ်မြို့

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *