တင်နီလာအေးကတော့ တရားဝင်ကြေညာလိုက်ပြီ

ရှမ်းမြောက်က နမ္မတူမြို့ကို TNLA သိမ်းပိုက်ရရှိပြီလို့ တရားဝင်ထုတ်ပြန်…

++++++++++++++++

ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်းက နမ္မတူမြို့ရှိ စစ်ကောင်စီ ဗျုဟာမှူးအခြေချ ကွပ်ကဲနေတဲ့ တပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA က အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

နမ္မတူမြို့နယ် စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေးအဖြစ် ဒီဇင်ဘာ ၂၅ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး (၄)ရက်အကြာ ဒီဇင်ဘာ ၂၈ ရက်နေ့ မနက် ၁ နာရီခွဲအချိန်မှာ စစ်ကောင်စီ ခမရ-၃၂၄ ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်တဲ့ မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနဲ့ စကစ ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နမ္မတူမြို့ စစ်ကောင်စီတပ်စခန်းဟာ စစ်ဗျုဟာ-၂ လက်အောက်ခံ ခမရ-၃၂၄၊ ခလရ-၂၅၆ တို့က လာရောက်ထိုးစစ်ဆင် အခြေချလှုပ်ရှားတဲ့ တပ်ဖြစ်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၅ ရက်က စခဲ့တဲ့ နမ္မတူမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ၂၅ ကြိမ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ၉ ကြိမ်၊ Y12 လေယာဉ်နဲ့ ၂၇ ကြိမ် ဗုံး ၇၈ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

နမ္မတူမြို့တိုက်ပွဲအတွင်း စစ်ကောင်စီ ခမရ-၃၂၄ တပ်စခန်းက ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ (၉၃)ကြိမ် ထက်မနည်း နမ္မတူမြို့တွင်း ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် စစ်ကောင်စီတပ်က Mi17 ထောက်ပို့ယာဥ်နဲ့ စစ်ကူအင်အားနဲ့ လက်နက်ခဲယမ်းများ (၂)ကြိမ် နမ္မတူတပ်စခန်းကုန်းမှာ လာရောက် ပစ်ချထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

နမ္မတူမြို့ စခန်းသိမ်းတိုက်ပွဲ (၄) ရက်တာ ကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ( ၆၁)ကြိမ်၊ ဗုံးကြဲချမှု အကြိမ်ပေါင်း (၂၁၈)ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု (၉၃)ကြိမ် ထက်မနည်း အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ နမ္မတူတပ်စခန်းကို PSLF/TNLA က တိုက်ခိုက်နေချိန်အတွင်း စစ်ကောင်စီရဲ့ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် နမ္မတူမြို့နယ် ဒေသခံ (၂)ဦးသေဆုံးခဲ့ပြီး၊ (၈)ဦး ဒဏ်ရာရရှိကာ ဗလီကျောင်း၊ ဘာသာရေးအဆောက်အဦး ဘုရားကျောင်းကန်များ၊ လူနေအိမ် (၇)လုံး လက်နက်ကြီးနဲ့ လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခြင်းနဲ့ လူနေအိမ် (၁) လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ လက်နက်ခဲယမ်းများ၊ ဟောင်ဝစ်ဇာအမြောက်အပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

TNLAအနေနဲ့ မိုင်းလုံမြို့ကို နိုဝင်ဘာအတွင်းက သိမ်းပိုက်နိုင်ခဲ့ပြီး နမ္မတူ၊ မန်တုံ၊ နမ့်ခမ်း၊ နမ့်ဆန်တို့ကို ဒီဇင်ဘာ ၁၅ ရက်ကနေ ၂၈ ရက်အတွင်း နှစ်ပတ်တာကာလမှာ သိမ်းယူနိုင်ခဲ့ပြီးနောက် ရှမ်းမြောက်ရှိ မြို့ ၅ မြို့ကို TNLA သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *