မိုးမိတ်တော့ နှစ်သစ်အောင်ပွဲလာတော့မယ်

မိုးမိတ်မြို့နယ်၊ မန်ပတ်ကျေးရွာ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီး မိုးမိတ်မြို့ ကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်မည်ဆိုသောသတင်းများကြောင့် ဆိုင်များပိတ်ပြီး လူသူ ကင်းရှင်းသွား

ရန်ကုန်၊ ဇန်နဝါရီ ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ မန်ပတ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်း တွင် သိမ်းပိုက်လိုက်ပြီးနောက် တော်လှန်ရေးတပ်များက မိုးမိတ်မြို့ကို ဆက်လက် တိုက်ခိုက်သိမ်းမည်ဆိုသော သတင်းများကြောင့် မြို့တွင် ဆိုင်များ ပိတ်သိမ်းသွားပြီး လူသူကင်းရှင်းသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၆ နာရီက စတင်ကာ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ကြောင်း၊ ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် မန်ပတ်ရွာထဲကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“မိုးမိတ်မြို့နယ်၊ မန်ပတ်ကျေးရွာတွင် စစ်ခွေးတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ တိုက်ပွဲ ပြင်းထန်ခဲ့တယ်။။ နံနက် ၆ နာရီလောက်တည်းက တိုက်ပွဲစဖြစ်နေတာ ၉ နာရီ ၃၀ မိနစ်မှာ လေကြောင်းကနေ တစ်ကြိမ်ကျဲသွားပါတယ်။ မန်ပတ် စခန်းသိမ်းသွားပြီ။ စစ်ခွေး ၅ ကောင် ဖမ်းမိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မန်ပတ်ကျေးရွာ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် မိုးမိတ်မြို့ကို သိမ်းပိုက်မည်ဆိုသော သတင်းများ ထွက်ပေါ်လာသဖြင့် မိုးမိတ်မြို့တွင် စျေးဆိုင်များ ပိတ်သိမ်းခြင်း၊ ဌာနဆိုင်ရာရုံးများ ပိတ်သိမ်းသွားခြင်း အပါအဝင် လူသူမရှိတော့ဘဲ ကင်းရှင်းသွားကြောင်း သိရှိရသည်။

“မိုးမိတ်မြို့ကို ဒီနေ့ နေ့လယ် ၁နာရီမှာ တော်လှန်ရေးတပ်ဖွဲ့တွေက တက်သိမ်းမယ်လို့ သတင်းတွေထွက်လာတော့ မိုးမိတ်မြို့ ဆိုင်တွေ အများအပြား ပိတ်ကုန်ကြပြီ။ မြို့ထဲမှာ လူတောင်မရှိတော့ဘူး။ လမ်းတွေမှာ လူတွေ ရှင်းကုန်တယ်” ဟု မိုးမိတ်မြို့ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ မန်ပတ်ကျေးရွာစစ်တပ်စခန်းကို KIA ဦးဆောင်သော တော်လှန်ရေး တပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *