ငပုကြောက်ချီးပန်းနေလောက်ပြီး

၂၀၂၃ သည် အဆုံးအဖြတ်နှစ်ဖြစ်ခဲ့ပြီး စစ်ကောင်စီအနေဖြင့် လက်ရှိတွင် ကျီးလန့်စာ စားနေရကြောင်း NUG ပြောကြား

ဇန်နဝါရီ ၂ ရက်

ကုန်ဆုံးခဲ့သည့် ၂၀၂၃ ခုနှစ်သည် နွေဦးတော်လှန်ရေး အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်ဖြစ်ခဲ့ပြီး တဖြေးဖြေး နယ်မြေကျုံ့လာသော အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် လက်ရှိတွင် မြို့ကြီးပြကြီးတချို့ကို တိုက်ရိုက်ထိန်းချုပ် ထားနိုင်သော်လည်း အုပ်ချုပ်၍မရနိုင်တော့ဘဲ ကျီးလန့်စာ စားနေရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သည် ၂၀၂၃ ခုနှစ်အား အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်အဖြစ် ထုတ်ဖော်ပြောဆိုခဲ့ပြီး တစ်နှစ်တာ မဟာဗျူဟာ ချမှတ်၍ တော်လှန်ရေး အင်အားစုများနှင့်အတူ ဘက်ပေါင်းစုံမှ ဆင်နွှဲတိုက်ခိုက်ခဲ့သောကြောင့် ထိုနှစ်အတွင်း နွေဦးတော်လှန်ရေးအတွက် အောင်မြင်မှု ကြီးကြီးကျယ်ကျယ် ရရှိခဲ့ သည်ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ဆိုသည်။

“ကျွန်တော်တို့ ၂၀၂၂ ခုနှစ်က ပြောခဲ့သလို ၂၀၂၃ ခုနှစ်က အဆုံးအဖြတ်နှစ် ဖြစ်လာတယ်။ ဘယ်သူရှုံးနေလဲ၊ ဘယ်သူနိုင်နေလဲဆိုတာ သိသိသာသာကြီး ဖော်ဆောင်နိုင်တဲ့ နှစ်တစ်နှစ် ဖြစ်တယ်ဆိုတာ ပြောကြားချင်ပါတယ်။ ဒါကြောင့် ၂၀၂၄ ခုနှစ်မှာ ကျွန်တော်တို့တွေ ဒီထက်ပိုမိုကြီးထွားတဲ့ အောင်မြင်မှုတွေရပြီး မြန်မာပြည်သူလူထု၊ တိုင်းရင်းသား ပြည်သူလူထု လိုချင်တဲ့ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်က အမြစ်ပြုတ်ဖို့အတွက် ကို ကျွန်တော်တို့တွေ ဒီထက်ပိုပြီးတော့ အတူတကွကြိုးစား ဟန်ချက်ညီညီ၊ ညီညီညွတ်ညွတ်နဲ့ လုပ်ကိုင်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိနိုင်မယ်ဆိုတာကို ပြောကြားချင်ပါတယ်” ဟု ဦးကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အတူ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC) နှင့် (NUG) တို့၏ နှစ်သစ်ကူးပူးတွဲထုတ်ပြန်ချက်တွင်လည်း ၂၀၂၄ ခုနှစ်သည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အားလုံးအတွက် အပြီးသတ်အောင်ပွဲခံမည့်နှစ်ဖြစ်စေရန် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု အလေးအနက် ကတိပြုအပ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် NUCC၊ NUG နှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအပါအဝင် ဒေသအသီးသီးမှ တော်လှန်ရေး အင်အားစုအားလုံးသည် စစ်ကောင်စီ၏ ဒေသတွင်း ခြိမ်းခြောက်မှုကို ဖြစ်စေသောအခြေအနေများကို ကောင်းစွာသတိပြုမိပြီး၊ နိုင်ငံတွင်းနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို အစဉ်အမြဲကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ရာ နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများ၏ အားပေး ထောက်ခံမှုရရန် လိုအပ်ကြောင်း ထည့်သွင်းပြောဆိုထားသည်။

“တစ်ပြည်လုံးကို ကြည့်လိုက်ရင် အကြမ်းဖက်စစ်ကောင်စီ တိုက်ရိုက်ထိန်းချုပ် ထားနိုင်တဲ့ နယ်မြေက တဖြေးဖြေးနဲ့ ကျုံ့ပြီးတော့ နည်းနည်းလေးသာ ကျန်ပါ တော့တယ်။ မြို့ကြီးပြကြီးတချို့ကို သူတို့(စစ်ကောင်စီ) ထိန်းချုပ်ထားနိုင်တဲ့ အနေ အထားရှိပေမယ့် အုပ်ချုပ်နိုင်တဲ့အနေအထား မရှိတော့ပါဘူး။ သူတို့ မြို့ကြီးပြကြီး တွေမှာတောင် ကျီးလန့်စာ စားနေရတဲ့ အနေအထားဖြစ်လာတယ်” ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောသည်။

မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် “၁၀၂၇ စစ်ဆင်ရေး” ကို စတင်ဖော်ဆောင်ခဲ့သည်။

ထိုသို့ ဖော်ဆောင်ခဲ့မှုသည် တနိုင်ငံလုံးအတိုင်းအတာ စစ်ရှိန်မြှင့်စေခဲ့ပြီး NUG ၊ EROs ၊ PDF နှင့် တော်လှန်ရေး အင်အားစုများ အတူတကွလက်တွဲ၍ ဟန်ချက်ညီညီ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ တပ်စခန်းအများအပြားကို သိမ်းပိုက်၍ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေဟာ အမှတ်(၁) စစ်ဒေသတိုင်းထဲမှာ ဆိုရင်လည်း ပထမဦးဆုံး ခရိုင်အဆင့်ရှိတဲ့ ကောလင်းမြို့ကို သိမ်းပိုက်ရရှိခဲ့တယ်။ ဒီ ၁၀၂၇ နောက်ပိုင်းတွေ အခု ၂ လကျော်ကျော် အချိန်ကာလအတွင်းမှာ စစ်ကောင်စီဟာ မဟာဗျူဟာကျတဲ့ စစ်စခန်းအမြောက်အများ ဆုံးရှုံးခဲ့ပြီးတော့ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေက မဟာဗျူဟာမြောက်တဲ့ စစ်အခြေစိုက် စခန်းတွေ၊ ဗျူဟာစခန်းတွေ၊ ဗျူဟာကုန်းတွေအပါအဝင် အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်အခြေစိုက် စခန်းတွေ ၄၀၀ ကျော် သိမ်းဆည်းရမိတယ်။ မြို့တွေဆိုရင်လည်း ၂၀ ကျော်လောက်ကို သိမ်းပိုက်ရရှိခဲ့တယ်” ဟု ဦးကျော်ဇောက ဆက်လက်ပြောကြားသည်။

ယခုအခါ တော်လှန်ရေး အင်အားစုများအကြား ဘုံနိုင်ငံရေး သဘောတူညီချက်တရပ် အမြန်ဆုံးရရှိရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်နေပြီး တော်လှန်ရေးအင်အားစု အသီးသီး၏ ထိန်းချုပ်ဒေသများတွင် ဒေသန္တရ အုပ်ချုပ်ရေး၊ လူသားမျိုးနွယ် လုံခြုံရေးနှင့် အရပ်သားပြည်သူ ကာကွယ်စောင့်ရှောက်ရေး အစီအမံများအတွက် ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်မှုများ စဉ်ဆက်မပြတ်ရှိနေကြောင်း သိရသည်။

ယင်းအပြင် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံ ဥပဒေ တစ်ရပ် ပေါ်ပေါက် ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများကို ဆောင်ရွက်နေကြောင်း NUCC နှင့် NUG တို့၏ နှစ်သစ်ကူးပူးတွဲထုတ်ပြန်ချက်အရ သိရသည်။

“ဒီ ၁၀၂၇ စစ်ဆင်ရေး စတဲ့အချိန်မှာ အချိုးအကွေ့တစ်ခုကို ရောက်သွားတယ်။ အင်မတန်မှ အားကြီးပါတယ်ဆိုပြီး သူတို့ဘာသာသူတို့ ပြောဆိုနေတဲ့၊ ကမ္ဘာပေါ်မှာ အဆင့် ၃၀ ကျော်ရှိတဲ့ စစ်တပ်ကြီး ဘယ်တော့မှ မပြိုကွဲဘူး ဆိုတဲ့ဟာက တကယ်တိုက်လိုက်တဲ့ အခါကျတော့ သူတို့ ဘာမှမဟုတ်ဘူးဆိုတာကို သွားတွေ့ရတယ်။ စခန်းလေးတွေတောင်မှ သူတို့(စစ်ကောင်စီ) ပြန်မသိမ်းနိုင်ဘူး။ သူ့လက်အောက်ခံ စစ်သားတွေ အားလုံးက စစ်တိုက်တာကို စိတ်မဝင်စားတော့ဘဲ အသက်လုပြီး ထွက်ပြေးသွားကြတယ်။ အဲ့ဒါတွေအပြင် မြို့တွေကိုပါ တိုက်ရင်တိုက်သလောက်သိမ်း နိုင်နေတဲ့ အနေအထားရောက်နေပြီ။ ဒါက ၂၀၂၃ ရဲ့ တကယ့်အပြောင်းအလဲတွေပေါ့” ဟု တောင်သူ လယ်သမားအကျိုးဆောင် ဦးဇော်ရမ်းက ပြောသည်။

စစ်ကောင်စီ လက်အောက်တွင် ဆက်လက်အမိန့်နာခံနေကြသည့် စစ်ဗိုလ်ချုပ် ကြီးများနှင့် အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများအား နိုင်ငံကိုသာမက စစ်တပ်ကိုပါ အလုံးစုံပျက်သုဉ်းအောင် ပြုလုပ်နေသော စစ်အာဏာရှင် မင်းအောင်လှိုင်နှင့် အပေါင်းအပါတို့၏ အကြမ်းဖက် လူသတ်ဝါဒ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုတို့ကို ဆက်လက်ကျူးလွန်ရန် အမိန့်ပေးစေခိုင်းမှုတို့ကို ကျောခိုင်း၍ အချိန်မနှောင်းမီ ပြည်သူ့ဘက်က အမြန်ဆုံးရပ်တည်ကာ နည်းမျိုးစုံဖြင့် ပြန်လည်ဆန့်ကျင် တော်လှန်ကြရန် NUCC နှင့် NUG ၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *