တောင်စဥ်ရေမရ ဟိုပြောသူပြော ပြောဘီ

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ဖော်ဆောင်ရန် တိုင်းရင်းသားအားလုံး လိုက်နာအကောင်အထည်ဖော်ရန် စစ်ခေါင်းဆောင်ပြော ဇန်နဝါရီ ၄ ရက်ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် တော်လှန်နေသည့် တိုင်းရင်းသားများနှင့် ပြည်သူများကို ကြည်း၊ ရေ၊ လေဖြင့်တိုက်ခိုက်နေသည့် စစ်ခေါင်းဆောင်က ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဖော်ဆောင်ရေးတွင် တိုင်းရင်းသားအားလုံး လေးနက်စွာလိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဟု ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ပြုလုပ်နေသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပြောဆိုသည်။တိုင်းရင်းသား စည်းလုံးညီညွတ်မှု စွမ်းအားကို အားကောင်းစေသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဖော်ဆောင်ရေးတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးမှ လေးနက်စွာ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဟု ဆိုသည်။ ထို့အပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် လူမျိုးကို အခြေခံသည့် ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဒေသကို အခြေခံသည့်စနစ်ကို အဓိကဦးတည်ဆောင်ရွက်ရမည်ဟုလည်း စစ်ခေါင်းဆောင်က ပြောသည်။စစ်ကောင်စီ၏ ရည်မှန်းချက်မှာ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းမှန်ကန်မှုရှိစေရေး၊ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေးနှင့် တစ်နိုင်ငံလုံးရာနှုန်းပြည့် ဆန္ဒမဲပေးနိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေသည်ဟု ဆိုသည်။မဲဆန္ဒရှင်စာရင်းများ အောင်မြင်စွာကောက်ယူနိုင်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်သည့်အချက်အလက်များ ရရှိစေရေးအတွက် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရန်လိုအပ်ပြီး ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ဆောင်ရွက်သွားမည်ဟု ပြောသည်။ယင်းအပေါ်မူတည်၍ ခိုင်မာမှန်ကန်သည့် မဲစာရင်းများ ရရှိလာပါက ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့် ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဟု ဆိုသည်။သို့သော်လည်း မည်သည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပပေးမည်ကို အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုနိုင်ခြင်းမရှိပါ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *