မတေမချင်းပို့နေမှာ နံနံခြားမွှင်းခါး

အိန္ဒိယပြန် တပ်ပြေးတပ်သားများကို စစ်ကောင်စီက ရခိုင်စစ်မျက်နှာတွင် ပြန်လည်အသုံးပြုနေ

ဇန်နဝါရီလ ၂၆

ပလက်ဝဒေသတွင် ရက္ခိုင့်တပ်တော် AA ထံ စစ်ရှုံး၍ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးသွားသော တပ်ပြေးစစ်သားများကို စစ်ကောင်စီက ရခိုင်စစ်မျက်နှာတွင် ပြန်လည်အသုံးပြုနေကြောင်း ညီနောင်မဟာမိတ်တပ်ဖွဲက ပြောသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကစ၍ ပလက်ဝဒေသတွင် AA မှ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သား ၆၀၀ ထက်မနည်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် အာသံပြည်နယ်သို ထွက်ပြေးခိုလှုံခဲ့ကြသည်။

အဆိုပါ တပ်ပြေးတပ်သားများကို အိန္ဒိယအစိုးရ အကူအညီဖြင့် အာဏာသိမ်းစစ်ကောင်စီမှ စစ်တွေမြို့သို့ ပြန်လည်ခေါ်ယူကာ ရခိုင်စစ်မျက်နှာ နေရာအနှံ့သို့ ပြန်လည်ပို့ဆောင်ကာ AA အား တိုက်ခိုက်နေသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက ရှင်းလက်ဝ (ချင်းလက်ဝ) စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀၄ ဦး အာသံရိုင်ဖယ်တပ်၏ အကူအညီဖြင့် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားကြပြီး ၎င်းတို အားလုံးကို တမူး-မိုရေးနယ်စပ်ကနေ စစ်ကောင်စီထံ လွှပြောင်းပေးခဲ့ကြောင်း အိန္ဒိယအစိုးရက ပြောဆိုထားသည်။

ပလက်ဝဒေသရှိ စစ်ကောင်စီ၏ ပွိင့်တပ် ၃၇၇ အခြေကုပ်စခန်းကို AA မှ ထပ်မံတိုက်ခိုက်သိမ်းပိုက်ပြီးနောက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့က မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ထဲကို စစ်ကောင်စီတပ်သား ၈၃ ဦး ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

အဆိုပါ ၈၃ ဦးအပါအဝင် ရက်သတ္တပတ်အတွင်း ထွက်ပြေးသွားသည့် မြန်မာစစ်သား စုစုပေါင်း ၁၅၁ ဦးရှိခဲ့ပြီး မီဇိုရမ် Lengpui လေဆိပ်မှတစ်ဆင့် အိန္ဒိယအစိုးရက မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။

ပွိင့် ၃၇၇ တပ်စခန်းအား သိမ်းပိုက်ပြီးနောက် ကစဉ့်ကလျားထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများအား AA နှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ MDF တို့က လိုက်လံရှင်းလင်းရာ ဇန်နဝါရီလ ၆ ရက်နေ့က စစ်ကောင်စီတပ်သား ၇၀ ကျော်မှာ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားကြသည်ဟု MDF မှ ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဆိုင်ဟားခရိုင်အတွင်းရှိ ကျေးရွာများမှတစ်ဆင့် အာသံရိုင်ဖယ်တပ်ထံသို့ ဇန်နဝါရီလ ၆ ရက်နေ့ ညနေ ၈ နာရီကျော်အချိန်တွင် အဆိုပါ စစ်ကောင်စီတပ်သား ၇၀ ကျော် ထွက်ပြေးခိုလှုးသွားခြင်းဖြစ်ကြောင်း MDF က ဆိုသည်။

AA ထိုးစစ်စတင်ခဲ့သည့်နေ့မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့အထိ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား စုစုပေါင်း ၃၂၄ ဦးရှိခဲ့သည်။

အဆိုပါ အင်အား ၃၀၀ ကျော်ကို လက်ရှိ ရခိုင်ပြည်အတွင်း စစ်မျက်နှာပြင်အနှံ့သို့ စစ်ကောင်စီက ပိုဆောင်ထား၍ ရက္ခိုင့်တပ်တော်နှင့် ဆက်လက် တိုက်ခိုက်လျက်ရှိနေပြီးဖြစ်သည်ဟု ညီနောင်မဟာမိတ်က ထုတ်ပြန်ထားသည်။

ပလက်ဝဒေသတစ်ခုလုံးကို AA မှ အပြီးသတ်တိုက်ခိုက်သိမ်းယူလိုက်ပြီးနောက်တွင်လည်း စစ်ကောင်စီတပ်သား အများအပြားမှာ အုပ်စုလိုက် သိုမဟုတ် တစ်ဦးချင်းတစ်ယောက်ချင်း ကစဉ့်ကလျား ဆက်လက်ထွက်ပြေးလျှက်ရှိကြသည်။

ထိုသို့ ကစဉ့်ကလျား ထွက်ပြေးနေကြသည့် စစ်ကောင်စီတပ်သားများထဲမှ ၂၇၆ ဦးမှာ ဇန်နဝါရီလ ၁၇ ရက်နေ့က အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြပြီး အဆိုပါ စစ်ကောင်စီတပ်သား ၂၇၆ ဦးထဲက ၁၈၄ ဦးကို ဇန်နဝါရီလ ၂၂ ရက်နေ့က စစ်ကောင်စီလေကြောင်းက Lengpui လေဆိပ်သို့ သွားရောက်ခေါ်ယူခဲ့ပြီး စစ်တွေသို့ ပို့ဆောင်ခဲ့သည်။

ကျန်တပ်သားများကို ဒုတိယ အသုတ်အနေဖြင့် ဇန်နဝါရီလ ၂၃ ရက်နေ့က ခေါ်ယူရန် စစ်ကောင်စီလေယာဉ်သွားရောက်စဉ် ပြေးလမ်းချော်ကာ လေယာဉ်ပျက်ကျသွား၍ နောက်ထပ်တစ်စီးဖြင့် ခေါ်ယူခဲ့ရသည်။

စစ်ကောင်စီသည် အိန္ဒိယမှ တပ်ပြေးတပ်သားများကို စစ်တွေမြို့သို့ ပြန်လည်ခေါ်ယူကာ ညအချိန်အတွင် ကားများဖြင့် အပြောင်းအရွှေ့လုပ်ပြီး စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်မြောက်ပိုင်းက မြောက်ဦး၊ မင်းပြား၊ ကျောက်တော်ရှိ တပ်များသို့ ပိုဆောင်ကြောင်းနှင့် ရခိုင်ပြည် တောင်ပိုင်းတွင် စစ်ရေးကြိုပြင်ဆင်သည့်အနေဖြင့် အင်အားအများအပြားတိုးချဲ့ရာတွင်လည်း အသုံးပြုနေကြောင်း ဒေသခံများထံမှ သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *