အမေကျန်းမာပါစေ ငပုတို့ခဝေးဖြစ်ပါစေ

စစ်တပ်က အခုချိန်ထိ အမေစုကိုပဲ ဗဟိုပြုပြီး စဉ်းစားနေတုန်းပဲ ဆိုတာ ဒီနေ့ အမေစုအိမ် ကိစ္စကို ကြည့်ရင် သိနိုင်တယ်။ သူတို့က အမေစုကို သူတို့ နိုင်ဖဲလို့ ထင်နေကြတယ်။ အခု တော်လှန်နေတဲ့ သူတွေက အမေစုကြောင့် တော်လှန်နေတာ ဆိုပြီး အမေစုကို ထုတ်ကစားရင် တော်လှန်ရေးကို သက်ရောက်မှု ရှိမယ်လို့ ထင်နေကြတယ်။ တကယ်က ပြီးခဲ့တဲ့ ၁၀ နှစ်လောက်မှာ အမေစုကြောင့် သူတို့ အများကြီး သက်သာခဲ့တာ။ သူက မှ ငြိမ်းချမ်းရေး၊ ရင်ကြားစေ့ရေး ဝါဒီ၊ တကယ့် အမျိုးသားရေး သမား စစ်စစ်။ နိုင်ငံသားတိုင်းကို ကိုယ့်ရင်သွေးလို သဘောထားတာ။ နှစ်ပေါင်းများစွာ တိုင်းပြည်ကို ဂုတ်သွေးစုပ်၊ အနိုင်ကျင့် လာခဲ့တဲ့ စစ်တပ်ကိုလည်း ကိုယ့်နိုင်ငံသား အချင်းချင်းဆိုတဲ့ စိတ်နဲ့ လွယ်လွယ် ခွင့်လွှတ်ပြီး အကာအကွယ် ပေးခဲ့တာ။ဒါပေမယ့် ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုသလိုပဲ စစ်တပ်က သူတို့ကို အကာအကွယ် ပေးထားတဲ့ တံတိုင်းကို သူတို့ဘာသာ ပြန်ဖြိုခဲ့တာ။ သူတို့ အာဏာ တစ်စိတ်တပိုင်း လက်လွှတ်ခဲ့ရတဲ့ ၅ နှစ်တာ အတွင်းမှာ သူတို့လက်ထက် တစ်ခါမှ မမြင်ဖူးခဲ့တဲ့ အစိုးရနဲ့ ပြည်သူလူထု အကြား ညီညွတ်မှု အင်အားကို မြင်ပြီး သူတို့ဘာသာ ထိတ်လန့် လာခဲ့တာ။ ဒါကြောင့် နောက်တစ်ကြိမ် အာဏာ ပြန်မရတော့မှာကို ကြောက်လန့်ပြီး အသည်းအသန် အင်အားသုံး အာဏာလုခဲ့တယ်။ဒီအချိန်မှာ နှစ်ပေါင်းများစွာ အနိုင်ကျင့် ဖိနှိပ် ခံထားရတဲ့ ပြည်သူလူထုရဲ့ မကျေနပ်ချက် တွေက အကုန် ပွင့်ကန် ထွက်လာတာ။ အမေစု မျက်နှာနဲ့ အောင့်အည်း သည်းခံခဲ့တဲ့ ဒေါသတွေ သူတို့အပေါ် ပုံချပြီး မီးကုန် ယမ်းကုန် တုံ့ပြန်တော့တာ။ အခုချိန်မှာ အမေစု ထွက်လာပြီး တားလည်း မရတော့ဘူး။ လူတွေက သည်းခံ နိုင်တဲ့ အတိုင်းအတာ ကုန်သွားပြီ။ အဆုံးထိ ဆက်လျှောက် ကြတော့မှာ။တကယ်ဆို မင်းအောင်လှိုင်သာ ပါးနပ်ခဲ့ရင် အမေစု အလွန်ကို အေးဆေးစောင့်ပြီး အသာအယာ ကောက်စားလို့ ရတယ်။ NLD မှာရော၊ စစ်တပ်ကို ဆန့်ကျင်နေတဲ့ အင်အားစုတွေ ဘက်မှာပါ အမေစု နောက်ပိုင်း သူ့လောက် လူထုကို ဩဇာညောင်းတဲ့ ခေါင်းဆောင် မရှိတော့ဘူး။ ဒါပေမယ့် အမေစု ဆီက အာဏာ ပြန်မရမှာ ကြောက်ပြီး လုပ်မိလုပ်ရာ လုပ်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့ စစ်တပ် အသိုင်းအဝိုင်းဟာ ပိုပြီး ကြောက်စရာ ကောင်းတဲ့ ရန်သူကို မွေးမိခဲ့တယ်လို့ ဆိုရမယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *