ခွက်စောင်းခုတ်ကြရင်း အချင်းချင်း ပြန်သ-တ်

ဇီးကုန်းမှာ ရဲတစ်ဦး အဆိပ်မိပြီး သေဆုံး၊ကွမ်းနင်ပြီး သေဆုံးတာလို့ စစ်ကောင်စီ သတင်းလွှင့်

ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာမှာ လုံခြုံရေးတာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတစ်ဦးသည် အဆိပ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက တဆင့်သိရပါတယ်။

အင်အား ၃၀ ဝန်းကျင်ရှိတဲ့ စစ်တပ် နှင့် ရဲ ပူးပေါင်းထားတပ်ဖွဲ့ဟာ ဘော်ဘင်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်ဆွဲထားစဉ် လုံခြုံရေးယူနေတဲ့ အသက် ၂၅နှစ်အရွယ် ရဲတပ်သားဟာ ဖေဖော်ဝါရီလ ၂၃ရက်နေ့၊ ည ၁၂နာရီ ဝန်းကျင်အချိန်မှာ အဆိပ်မိပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

“သူသေတုန်းက ကွမ်းစားနေရင်း ပါးစပ်ကနေ အမြုပ်တွေ ထွက်ရင်း သေတာ၊ ဆပ်ကြေးကောက်တာမှာ ပျူစောထီးတွေနဲ့ အဝေ မမျှလို့ အဆိပ်ခပ်ခံရတာလို့ ပြောနေကြတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

သို့သော်လည်း အဲဒီ ရဲတပ်သား သေဆုံးမှုကို စစ်ကောင်စီဘက်ကတော့ ကွမ်းယာစားရာတွင် ကွမ်းနင်ကာ သေဆုံးသွားရခြင်းဖြစ်တယ်လို့ သတင်းလွှင့်နေတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ အဲဒီ ရဲတပ်သားရဲ့ သေဆုံးရုပ်အလောင်းကို ညတွင်ချင်းဆေးခန်း မပို့ပဲ မနက် ၆နာရီမှသာ ဇီးကုန်းဆေးရုံကို ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးခဲ့ပြီး အဲဒီ ပူးပေါင်းစစ်တပ်ကလည်း ဘော်ဘင်ကျေးရွာ ဘုန်းကြီး ကျောင်းမှာ လက်ရှိ ချိန်ထိ တပ်စွဲနေတုန်းပဲလို့ ဒေသခံတွေဆီက ဆိုပါတယ်။

“လွန်ခဲ့တဲ့ ၃ ရက်လောက်က ရွာကို PDF စခန်းတွေကို တိုက်ဖို့ဆိုပြီး ပျူသင်တန်းဆင်းထားတဲ့ ပျူစောထီး အယောက် ၅၀ လောက် ရောက်လာတယ်၊ ခုလည်းရှိနေတုန်းပဲ၊ အဲ့ ၅၀ ကလည်း အိုကြီး၊ အိုမ အလုပ်လက်မဲ့တွေပါ” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

အဲဒီ ရဲတပ်သားသည် ဇီးကုန်းရဲစခန်းက ရိုးရိုးသာမာန်အဆင့် ရဲတပ်သားဖြစ်ပြီး ရဲတပ်ဖွဲ့အတွင်းမှာလည်း သေဆုံးမှုဟာ လုပ်ကြံခံရတာဖြစ်တယ်လို့ သံသယရှိတာကြောင့် ရင်ခွဲ စစ်ဆေးမှုတွေ လုပ်ဆောင်နေခဲ့တာ ဖြစ်တယ်လို့ ဇီးကုန်းရဲစခန်းနှင့် နီးစပ်သူထံမှ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *